PSM(NEWS) ဇွန် ၂၆၊ ၂၀၂၆ ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကပ်စ်အနီးတစ်ဝိုက်တွင် ပြင်းထန်သော ငလျင်နှစ်ခု လှုပ်ခတ်သွားခဲ့ရာ လူထောင်ပေါင်းများစွာ သေဆုံးနိုင်ဖွယ်ရှိနေပြီး အဆောက်အအုံများ ပျက်စီးပြိုကျမှုများအတွင်း လူအများအပြား ပိတ်မိနေကြောင်း သိရသည်။ အမေရိကန် ဘူမိဗေဒဌာန (US Geological Survey) ၏ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ကာရာကပ်စ်မြို့၏ အနောက်ဘက် ၁၆၀ ကီလိုမီတာ (မိုင် ၁၀၀) အကွာ၌ မဂ္ဂနီကျူ့ ၇.၂ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး တစ်မိနစ်မပြည့်မီမှာပင် မဂ္ဂနီကျူ့ ၇.၅ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။ ယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ်၏ ပြောကြားချက်အရ အတည်ပြုချက်ရရှိထားသည့် သေဆုံးသူ ၁၆၄ ဦးရှိပြီး ၁,၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ အစိုးရအနေဖြင့် ပိတ်မိနေသူများကို ကယ်ဆယ်ရန်အတွက် လေးလံသော စက်ယန္တရားများဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ နိုင်ငံ၏အတိုက်အခံခေါင်းဆောင်များက ဖော်ပြထားသည့် စာရင်းများအရ လူပေါင်း ၁၀,၀၀၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့်လာဂွာအီရာပြည်နယ်သည် ပျက်စီးမှုများစွာရှိနေပြီး “ဘေးအန္တရာယ်ဇုန်” အဖြစ် သတ်မှတ်ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကကူညီဆောင်ရွက်ပေးရန် ကမ်းလှမ်းထားပြီး၊ အမေရိကန်အနေဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်းနှင့် ပင်တဂွန်စစ်ဌာနချုပ်၏ အထောက်အကူပြုပစ္စည်းများကို ပျက်စီးသွားသော လေဆိပ်တွင် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ကူရာဆာအသင်း သမိုင်းဝင်ဂိုးသွင်းနိုင်ခဲ့သော်လည်း ဂျာမနီအသင်း ၇-၁ ဂိုးဖြင့် အနိုင်ရ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မဂ္ဂနီကျူ့ ၆.၉ ရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ