PSM(News)

ဇွန် ၂၆ ၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းအနီးတွင် အထိုင်ချ တပ်စွဲထားသော အာဏာလုစစ်အုပ်စု၏ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ) ထံမှ သိရသည်။

ယမန်နေ့ ဇွန် ၂၅ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က အဆိုပါ မီးသတ်စခန်းအနီးတွင် အင်အားအနည်းငယ်ဖြင့် ရိက္ခာထွက်ယူရန် ပြင်ဆင်နေသည့် အာဏာလုစစ်အုပ်စုကို တော်လှန်ရေး အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်အထိ ဝင်ရောက်တိုက်ခိုက်နိုင်ရန်အတွက် အတွင်း သတင်းပေး (ဖရဲသီး) ထံမှ ကြိုတင်သတင်းပေးပို့ချက် ရရှိထားကြောင်း မြိုင်-ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အနီးကပ် ချဉ်းကပ်၍ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် အာဏာလုစစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် တစ် ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား နှစ် ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့သည့် မြိုင်-ပကဖ ရဲဘော်များမှာမူ အထိအခိုက်မရှိဘဲ ဘေးကင်းရာသို့ ဆုတ်ခွာနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း၌သာမက မြိုင်မြို့နယ်အတွင်း၌ပါ မြို့ပြပြောက်ကျား စစ်ဆင်ရေးများ ပိုမိုအားကောင်းလာလျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို အထူးဂရုပြု ကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

အထူးသဖြင့် ပြည်သူလူထုအနေဖြင့် အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းတို့နှင့် အနီးကပ် နေထိုင်သွားလာခြင်း၊ အထိုင်ချ တပ်စွဲထားသော နေရာများအနီးသို့ သွားလာ ခြင်းများကို လုံးဝ မပြုလုပ်ကြရန် မြိုင်-ပကဖ က အလေးအနက် နှိုးဆော်တိုက်တွန်းထားသည်။

ဓာတ်ပုံ- မြိုင်ပကဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed