PSM(News) ဇွန် ၂၆ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ယမန်နေ့ ဇွန် ၂၅ ရက် ညဦးပိုင်းအချိန်၌ အာဏာလုစစ်အုပ်စုက ကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ် ခြောက်လုံး မီးလောင်ပျက်စီးသွားကြောင်း TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ လွှတ်တင်လိုက်သည့် အသေခံဒရုန်း (Suicide Drone) လေးစင်းသည် ယမန်နေ့ ည ၇ နာရီ ၃၀ ခန့်က မြောင်မြို့နယ်၊ နဘက်ကျေးရွာရှိ မြသိမ်းတန်းဘုရား အရှေ့ပိုင်းကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားပါတယ်။ တိုက်ခိုက် ခံရချိန်မှာ ပြည်သူတွေ အချိန်မီတိမ်းရှောင်နိုင်ခဲ့လို့ လူအထိအခိုက်တော့ မရှိပါဘူး” ဟု TGR ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက PSM ကို ပြောသည်။ အဆိုပါ နဘတ်ကျေးရွာအနီးဝန်းကျင်တွင် အာဏာလုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အပြင် မြောင်မြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စု၏ စစ်ကြောင်းများ ဝင်ရောက်လာခြင်းလည်းမရှိဘဲ ညဦးပိုင်းတွင် အကြောင်းမဲ့ လေကြောင်းမှ လာရောက် တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ စာရင်းဇယားများအရ နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ၅ နှစ်တာကာလအတွင်း အာဏာလုစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၇,၀၅၂ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး သူငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သား သေဆုံးသူ အနည်းဆုံး ၄,၄၂၆ ဦးအထိ ရှိလာကြောင်း ပြီးခဲ့သည့် မေလတွင် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဓာတ်ပုံ-TGR သတင်းမှန်ပြန်ကြားရေး Post navigation ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် APHR နှင့် သားငယ် ကိုထိန်လင်းတို့ တောင်းဆို ရန်ကုန်တိုင်းစစ်ဌာနက အာဏာလုစစ်အုပ်စုကို တွန်းလှန်ရန်အတွက် PDF တပ်သားသစ်များ ခေါ်ယူနေ