PSM (NEWS)

ဇွန် ၂၆၊၂၀၂၆

တောင်အာဖရိကအသင်းသည် ဗုဒ္ဓဟူးနေ့ညက ကစားခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် တောင်ကိုရီးယားအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ပွဲချိန် (၆၃) မိနစ်တွင် ရှပ်ဖန်း မိုရီမီ ၏ တိကျသော ဘောလုံးပေးပို့မှုမှတစ်ဆင့် သာဖီလို မာဆီကိုက အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဤအောင်ပွဲကြောင့် တောင်အာဖရိကအသင်းသည် အုပ်စု (A) တွင် အုပ်စုဗိုလ် မက္ကဆီကိုအသင်း၏နောက်မှ ဒုတိယနေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

တောင်အာဖရိကအသင်းသည် ရှုံးထွက်အဆင့်တွင် အုပ်စု (B) ဒုတိယနေရာရ ကနေဒါအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို လာမည့် တနင်္ဂနွေနေ့တွင် အမေရိကန်နိုင်ငံ၊ အင်္ဂလီဝုဒ်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။

တောင်အာဖရိကအသင်းသည် ပြိုင်ပွဲအစတွင် မက္ကဆီကိုကို (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်၊ ချက်သမ္မတနိုင်ငံနှင့် (၁-၁) သရေကျခဲ့သည်။ နောက်ဆုံးပွဲစဉ်တွင် တောင်ကိုရီးယားကို မဖြစ်မနေ အနိုင်ကစားမှသာ ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်မည့် အခြေအနေတွင် အသင်းသားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် ရလဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကအသင်းသည် ၁၉၉၈၊ ၂၀၀၂ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် (အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်) တို့တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရဖူးသည်။

နည်းပြ ဟူဂို ဘရူးစ် က “ဒီအသင်းရဲ့ စိတ်ဓာတ်က တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ အသင်းသားတိုင်းက တစ်ယောက်အတွက် တစ်ယောက် အလုပ်လုပ်ပေးကြတယ်။ ဘယ်အသင်းကိုမှလည်း ကြောက်ရွံ့ခြင်းမရှိပါဘူး” ဟု ချီးကျူးစကားဆိုခဲ့သည်။

ကိုးကား-AP

By Htet Ko