PSM(News)

မေ ၂၆၊ ၂၀၂၆

မြန်မာစစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်ချိရေးနှင့် စီးပွားရေးလုပ်ငန်းများ အွန်လိုင်းပေါ်တွင် ဆက်လက် ရပ်တည်နိုင်ရန် ကြိုးပမ်းနေချိန်၌ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဝါဒဖြန့်ချိရေး အကောင့်၊ စာမျက်နှာ စုစုပေါင်း ၁၀၀ ကျော်ကို Facebook က ဖယ်ရှားလိုက်ကြောင်း ယမန်နေ့ မေ ၂၅ ရက်တွင် Justice For Myanmar (JFM) က ထုတ်ပြန်သည်။

Facebook အခြေစိုက်ရာ မိခင်ကုမ္ပဏီဖြစ်သော Meta သည် Mytel နှင့် ၎င်း၏ အရောင်းကိုယ်စား လှယ်များ၊ MECtel အရောင်းကိုယ်စားလှယ်များ ပိုင်ဆိုင်သည့် လူမှုကွန်ရက်စာမျက်နှာများ၊ ပရိုဖိုင် အကောင့်များ၊ အုပ်စု (Group) များနှင့် MRTV နှင့် MWD တို့၏ ဝါဒဖြန့်ချိမှုများကို ကူညီ ဖြန့်ဝေပေးနေသည့် အကောင့်များအပါအဝင် စုစုပေါင်း ၁၀၉ ခုကို Justice For Myanmar ၏ တိုင်ကြားချက်အပြီးတွင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရေးယူဆောင်ရွက်မှုသည် Facebook (Meta) ကုမ္ပဏီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ချမှတ်ခဲ့သည့် စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများ အပေါ် ပိတ်ပင်တားဆီးသည့် မူဝါဒအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Mytel နှင့် MECtel ဆက်သွယ်ရေးကွန်ရက်များသည် စစ်အုပ်စုခေါင်းဖဆောင် အာဏာလုသမ္မတ ဦးမင်းအောင်လှိုင် ထိန်းချုပ်ထားသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ အစိတ်အပိုင်းများဖြစ်သည်။

အဆိုပါ MEC လုပ်ငန်းစုကို အီးယူ၊ ယူကေ၊ အမေရိကန်၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။

ယင်းဆက်သွယ်ရေးကွန်ရက်နှစ်ခုသည် စစ်အုပ်စုအတွက် အဓိက အခွန်ဝင်ငွေများ ရှာဖွေပေးနေသည့် အပြင်၊ ပြည်သူလူထုအပေါ် ဒစ်ဂျစ်တယ်စောင့်ကြည့် ထောက်လှမ်းရေးလုပ်ငန်းများတွင် အသုံးပြု လျက်ရှိပြီး စစ်အုပ်စုက ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိကြောင်း JFM က ထောက်ပြထားသည်။

Facebook သည် Mytel နှင့် အခြားစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၏ အကောင့်များကို ယခင်ကလည်း အကြိမ်ကြိမ် ဖယ်ရှားခဲ့သော်လည်း ၎င်းတို့သည် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဆက်လက်ကြော်ငြာရောင်းချနိုင်ရန်အတွက် နာမည်အမျိုးမျိုး ပြောင်းလဲကာ စောင့်ကြည့်မှုများကို ရှောင်ရှားလျက် ပြန်လည်ပေါ်ထွက်လာလေ့ရှိသည်။

လက်ရှိတွင် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး ချန်နယ်များကို အခြားသော လူမှုမီဒီယာ ပလက်ဖောင်း အချို့ကလည်း ဖယ်ရှားထားသဖြင့် ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှု (Live) ပြုလုပ်နိုင်စွမ်းနှင့် အမုန်း စကားများ၊ သတင်းအမှားများ ဖြန့်ဝေနိုင်စွမ်းကို သိသိသာသာ ကန့်သတ်နိုင်ခဲ့သည်။

သို့သော်လည်း မြန်မာစစ်အုပ်စု၏ အွန်လိုင်းတည်ရှိမှုနှင့် ဝါဒဖြန့်ချိမှုများကို လုံးဝပိတ်ပင်တားဆီး နိုင်ရန်အတွက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်နေဆဲဖြစ်ကြောင်း JFM က ဆိုသည်။

ထို့ကြောင့် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Alphabet (Google)၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မိမိတို့၏ ပလက်ဖောင်းများပေါ်မှ လုံးဝပိတ်ပင်တားဆီးပေးရန် Justice For Myanmar က ပြင်းပြင်းထန်ထန် တောင်းဆိုထားသည်။

ဓာတ်ပုံ – Justice For Myanmar (JFM)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *