PSM (News)

မေလ ၂၆၊ ၂၀၂၆

အာဏာလုစစ်အုပ်စုဘက်က ၎င်းတို့၏ ဝါဒဖြန့်ချိရေးအဖြစ် “အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို ခိုးယူအသုံးပြုခြင်းသည် သီချင်းရေးသားသူ ထူးအိမ်သင်၏ အနုပညာအပေါ် အရှက်မဲ့စွာ အမြတ် ထုတ်ခြင်းသာဖြစ်ကြောင်း မူရင်းသီဆိုသူ ဝါရင့်အဆိုတော် မွန်းအောင်က ဝေဖန်ပြောဆိုလိုက်သည်။

ခေတ်အဆက်ဆက် တော်လှန်ရေးလူငယ်များ သီဆိုခဲ့သည့် တေးရေး ထူးအိမ်သင်၏ ကိုယ်ပိုင်သံစဉ် “အရေးကြီးပြီ” သီချင်းကို စစ်အုပ်စုက “စစ်သားသွေးနီ ရှေ့သို့ချီ” ဟူသော အမည်ဖြင့် စာသားအချို့ ပြောင်းလဲကာ ၎င်းတို့၏ ဝါဒဖြန့်သီချင်းအဖြစ် မေလ ၂၄ ရက်နေ့တွင် မြဝတီရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

“ကိုထူးအိမ်သင်ရေ.. ခင်ဗျားရဲ့ အနုပညာဟာ ဘယ်လောက်ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျွန်တော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျွန်တော် အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကို ကာကွယ်ပါ့မယ်။ သေသွားရင် လည်း ကျွန်တော့်စကားတွေဟာ မှန်ကန်ကြောင်း နှောင်းလူတွေ စစ်ဆေးစမ်းသပ်နိုင်ပါလိမ့်မယ်” ဟု မူရင်းအဆိုရှင် ကိုမွန်းအောင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ “အရေးကြီးပြီ” သီချင်းသည် လွန်ခဲ့သည့် ၁၉၈၉ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး တေးရေးဆရာ ထူးအိမ်သင် တောခိုနေစဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) အတွက် လွတ်မြောက်နယ်မြေ၌ ကိုယ်တိုင်ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် အဆိုတော် မွန်းအောင်က “ငြိမ်းချမ်းရေးတိုက်ပွဲ” တေးစီးရီးအတွင်း ထည့်သွင်းသီဆို အသံသွင်း ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းသီချင်းကို အာဏာလုစစ်အုပ်စုအတွက် ပြန်လည်ပြုပြင်စီစဉ် ထုတ်လုပ်ခဲ့သူ ကိုဝင်းမော် (ရွှေသံစဉ်) ကမူ ၎င်းသီချင်းမှာ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကတည်းက တေးရေး ဇာနည်စစ်သွေး က ရေးဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း မြဝတီရုပ်သံနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

စစ်တပ်အနေဖြင့် ယခုကဲ့သို့ လုပ်ကြံမှုကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းကပင် စစ်တပ်အခြေပြု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပူးပေါင်းကာ စာသားပြင်၍ ဝါဒဖြန့်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းလည်း အဆိုတော် မွန်းအောင်က အသိပေးထားသည်။

“စစ်တပ်ရဲ့ ထုံးစံအတိုင်း လိမ်မှ ပြည့်စုံတယ်ထင်ပြီး ဓာတ်ပြားဟောင်း တစ်ခုကိုတောင်မှ အတု အယောင် ဖန်တီးပြခဲ့သေးတယ်။ အဲဒီတုန်းကလည်း ဒီသီချင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြတ်ပြတ် သားသား ဖြေရှင်းခဲ့ပြီးပါပြီ” ဟု မွန်းအောင်က ဆိုသည်။

“အရေးကြီးပြီ” သီချင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးကာလ အတွင်းတွင်လည်း လမ်းမများထက်နှင့် ဆန္ဒပြပွဲများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သင်္ကေတ သီချင်းတစ်ပုဒ်အဖြစ် ပြည်သူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ပြန်လည်သီဆို ဟစ်ကြွေးခဲ့ကြသည်။

“တိုင်းပြည်အုပ်ချူပ် မင်းလုပ်နိုင်ဖို့ လူပေါင်းစွာကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူတွေကို လေယာဉ်နဲ့ ဗုန်းကြဲ၊ အမြှောက်တွေနဲ့ထု၊ လည်ပင်းတွေလှီး၊ မိန်းမငယ်လေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို လက်သံပြောင်ပြောင်လုပ်နေနိုင်တာပဲ။ သီချင်းလေးတပုဒ်ကို လှည့်ပတ် လိမ်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဖန်တီးကြပါလား”ဟု အဆိုတော်မွန်းအောင်က အာဏာလု စစ်အုပ်စု၏ လုပ်ရပ်အပေါ် ဝေဖန်ထောက်ပြထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

You missed