³PSM(NEWS)

ဧပြီ ၂၆၊၂၀၂၆

အဆင့်မြင့်ထုတ်ကုန်လုပ်ငန်းများတွင် အဓိကကျသည့် ကုန်ကြမ်းပစ္စည်းများအပေါ် တရုတ်နိုင်ငံ၏ လက်ဝါးကြီးအုပ်မှုကို လျှော့ချရန် အနောက်အုပ်စု မဟာမိတ်များ၏ ကြိုးပမ်းမှုတစ်ရပ်အဖြစ် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (EU) တို့သည် အရေးကြီးသတ္တု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို သောကြာနေ့တွင် တိုးမြှင့်လုပ်ဆောင်လိုက်ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် ဥရောပသမဂ္ဂ ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံမှုဆိုင်ရာ ကော်မရှင်နာ မားရော့စ် ဆက်ဖ်ကိုဗစ်တို့သည် အရေးကြီးသတ္တုများ ထုတ်လုပ်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် မိတ်ဖက်အဖြစ် ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို ဝါရှင်တန်ဒီစီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ဝန်ကြီး မာကိုရူဘီယိုက “ဒီအရင်းအမြစ်တွေကို နေရာတစ်ခု ဒါမှမဟုတ် နှစ်ခုထဲမှာပဲ စုပုံနေတာဟာ လက်မခံနိုင်တဲ့ စွန့်စားမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ မတူကွဲပြားမှုတွေ ရှိနေဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဆီမီးကွန်ဒတ်တာများ၊ လျှပ်စစ်ကားများနှင့် အဆင့်မြင့်လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် သတ္တုများကို သန့်စင်သည့်လုပ်ငန်းတွင် အသာစီးရထားမှုကို အသုံးချ၍ ပို့ကုန်ကန့်သတ်ခြင်းနှင့် ဈေးနှုန်းထိန်းချုပ်ခြင်းများ ပြုလုပ်ကာ အခြားနိုင်ငံများ၏ အရင်းအမြစ် ရှာဖွေနိုင်စွမ်းကို ဟန့်တားလျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင် ဂရိကလည်း အီးယူနှင့်အတူ အရေးကြီးသတ္တုဆိုင်ရာ ကုန်သွယ်ရေးမူဝါဒများ ညှိနှိုင်းဆောင်ရွက်ရန် သီးခြားစီမံကိန်းတစ်ခုကို ကြေညာခဲ့သည်။ ယင်းစီမံကိန်းသည် စျေးကွက်ယှဉ်ပြိုင်မှုကို ပျက်ပြားစေသည့် မူဝါဒများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းများ အားကောင်းစေရန် ရည်ရွယ်သည်။

ယခုနှစ်ကုန်ပိုင်းတွင် စျေးနှုန်းမြှင့်တင်ရေး ယန္တရားများကို စမ်းသပ်မည့် ရှေ့ပြေးစီမံကိန်းအချို့ စတင်နိုင်ရန် မျှော်လင့်ကြောင်း အီးယူဘက်က ပြောကြားထားသည်။ အမေရိကန်အစိုးရသည် ယခင်ကလည်း ဂျပန်၊ မက္ကဆီကိုတို့နှင့် အလားတူ သဘောတူညီချက်များ ရရှိထားပြီး ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *