PSM(NEWS)

ဧပြီ ၂၅၊ ၂၀၂၆

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) စစ်မဟာမိတ်အဖွဲ့အပေါ် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ပြုမှုများနှင့် ပတ်သက်၍ သံသယများ မြင့်တက်နေချိန်တွင် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကူညီစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်မူကြမ်း (Blueprint) တစ်ရပ်ကို ရေးဆွဲရန် တာဝန်ရှိသူများကို ညွှန်ကြားလိုက်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံ၌ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲကို ထောက်ခံရန် ပျက်ကွက်မှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က NATO ကို ဝေဖန်ခဲ့ခြင်းနှင့် ယခုနှစ်အစောပိုင်းက ဒိန်းမတ်နိုင်ငံ၏ မဟာမိတ်ဖြစ်သော ဂရင်းလန်ကျွန်းကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ခဲ့မှုများကြောင့် ဥရောပသမဂ္ဂ၏ အပြန်အလှန် ကူညီစောင့်ရှောက်ရေး ပြဋ္ဌာန်းချက်များကို ပိုမိုရှင်းလင်းစွာ သတ်မှတ်ရန် လိုအပ်လာခြင်းဖြစ်သည်။

ဆိုက်ပရပ်စ် သမ္မတ နီကို့စ် ခရစ္စတိုဒူလိုင်ဒက်စ်က ဥရောပသမဂ္ဂ၏ အခြေခံစာချုပ်ပါ အပိုဒ် ၄၂.၇အရ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အချိန်တန်ပြီဟု ခေါင်းဆောင်များက သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဥရောပလုံခြုံရေး၏ အခြေခံအုတ်မြစ်ဟု ယူဆကြသည့်NATO၏ အပိုဒ် ၅ နှင့်မတူဘဲ ဥရောပသမဂ္ဂ၏ အပြန်အလှန် ကူညီစောင့်ရှောက်ရေး အပိုဒ် ၄၂.၇ သည် အသေးစိတ် စစ်ဆင်ရေးအစီအစဉ်များ သို့မဟုတ် စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံများဖြင့် ကျောထောက်နောက်ခံပြုထားခြင်း မရှိပေ။ ယင်းအပိုဒ်ကို ၂၀၁၅ ခုနှစ်က ပဲရစ်မြို့ တိုက်ခိုက်ခံရမှုအပြီးတွင် ပြင်သစ်နိုင်ငံက တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသည်။

ပြီးခဲ့သည့်လက အီရန်စစ်ပွဲအတွင်း ဆိုက်ပရပ်စ်ကျွန်းပေါ်ရှိ ဗြိတိန်လေတပ်စခန်းတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် NATO အဖွဲ့ဝင်မဟုတ်သော ဆိုက်ပရပ်စ်နိုင်ငံသည် အဆိုပါ အပိုဒ် ၄၂.၇ ကို ပိုမိုခိုင်မာစေရန် အထူးလိုလားနေခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ် က အပိုဒ် ၄၂.၇ ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေမှုများကို တင်ပြခဲ့ပြီး၊ NATO နှင့် အပြိုင်ဖြစ်မည့်အစား ဖြည့်စွက်နိုင်မည့် နည်းလမ်းများဖြစ်သော ဒဏ်ခတ်ပိတ်ဆို့မှု၊ ဘဏ္ဍာရေးအကူအညီနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုပါ ထည့်သွင်းစဉ်းစားနေကြောင်း သိရသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *