PSM(NEWS) ဧပြီ၂၆၊၂၀၂၆ ကျူးဘားကျွန်းနိုင်ငံအပေါ် စစ်ရေးအရ အရေးယူမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန် ဒီမိုကရက်တစ်ပါတီက ဦးဆောင်သည့် ကြိုးပမ်းမှုတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်တွင် လာမည့်သီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်တော့မည်ဖြစ်ကြောင်း လွှတ်တော်အရာရှိများက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် တင်မ်ကိန်း အဒမ်ရှစ်ဖ် နှင့် ရူဘင်ဂယ်လီဂို တို့က “ကျူးဘားစစ်မက်ဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်” (Cuba War Powers Resolution) ကို ပြီးခဲ့သည့်လတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ အထက်လွှတ်တော်၏ စည်းမျဉ်းများအရ ရီပတ်ဘလီကန် ခေါင်းဆောင်များသည် ယင်းကို မဲခွဲဆုံးဖြတ်ခွင့် ပြုရမည်ဖြစ်သည်။ “ကျူးဘားအပေါ် သမ္မတရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေက သူ ဘယ်ကို နောက်ထပ်ဦးတည်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” ဟု အဆိုပါဆုံးဖြတ်ချက်ကို တင်သွင်းစဉ်က အဒမ်ရှစ်ဖ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ မဲခွဲမည့် အချိန်အတိအကျကို မကြေညာသေးသော်လည်း မေလ ၁ ရက်နေ့မတိုင်မီ ဖြစ်လာနိုင်ကြောင်း အရာရှိများက မျှော်လင့်ထားကြသည်။ ထရမ့်၏ အုပ်ချုပ်မှုအောက်တွင် အမေရိကန်တပ်ဖွဲ့များသည် ဗင်နီဇွဲလားကမ်းလွန်ရှိ သင်္ဘောများကို တိုက်ခိုက်ခြင်း၊ ကာရာကပ်စ်မြို့အတွင်းသို့ ဝင်ရောက်ကာ သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးခြင်းနှင့် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အစ္စရေးနှင့်အတူ အီရန်အပေါ် စစ်မက်ဆင်နွှဲခြင်းတို့ကို လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ ဆောင်ရွက်ခဲ့ကြသည်။ ထရမ့်က “နောက်တစ်ကျော့က ကျူးဘားပဲ” ဟု ပြောဆိုခဲ့ပြီး ကျူးဘားအစိုးရမှာ ပြိုလဲလုနီးပါးဖြစ်နေသည်ဟု ၎င်းက ယုံကြည်နေသည်။ သို့သော် လွှတ်တော်အတွင်း အသာစီးရထားသည့် ရီပတ်ဘလီကန်များက ဒီမိုကရက်များ၏ အဆိုပါ ဟန့်တားမှုများကို တောက်လျှောက် ပယ်ချခဲ့ကြသည်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကြေညာနိုင်သည့် အခွင့်အာဏာမှာ လွှတ်တော်တွင်သာ ရှိသော်လည်း ကာလတို စစ်ဆင်ရေးများ သို့မဟုတ် ချက်ချင်းလက်ငင်း ကျရောက်လာမည့် အန္တရာယ်များကို တုံ့ပြန်ရာတွင်မူ သမ္မတ၏ စစ်သေနာပတိချုပ် လုပ်ပိုင်ခွင့်အတွင်း ကျရောက်နေသည်ဟု အိမ်ဖြူတော်က တုံ့ပြန်ထားသည်။ ကိုးကား -Reuters Post navigation အရေးကြီးသတ္တုကဏ္ဍတွင် အမေရိကန်နှင့် အီးယူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းတွင် မူးယစ်မှောင်ခိုသင်္ဘောကို အမေရိကန်စစ်တပ် တိုက်ခိုက်၊ လူ ၂ ဦးသေဆုံး