PSM(NEWS)

ဧပြီ ၂၆၊ ၂၀၂၆

အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလာပါက ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ရေအောက်မိုင်းများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွင် တူရကီနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် စဉ်းစားနိုင်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောကြားလိုက်သည်။

သောကြာနေ့ညနေပိုင်းက လန်ဒန်မြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဝန်ကြီး ဖီဒန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ သဘောတူညီချက်ရရှိပြီးနောက် နိုင်ငံအသီးသီးမှ နည်းပညာအဖွဲ့များဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန် မျှော်လင့်ရကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းကို တူရကီအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်တစ်ရပ်အဖြစ် မူအားဖြင့် အပြုသဘောရှုမြင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်၏ ပြောကြားချက်အရ အီရန်နှင့် အမေရိကန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိလာပါက နိုင်ငံစုံပါဝင်သော နည်းပညာအဖွဲ့များဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် တူရကီနိုင်ငံအနေဖြင့်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်ရန် အဆင်သင့်ရှိနေပြီး မည်သည့်အခက်အခဲမျှမရှိကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

သို့သော်လည်း နောင်တွင် ဖွဲ့စည်းမည့် နည်းပညာအဖွဲ့သည် ပြန်လည်ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်လာပါက တူရကီအနေဖြင့် ၎င်း၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ထို့အပြင် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပါကစ္စတန်နိုင်ငံတွင် ကျင်းပမည့် နောက်တစ်ကြိမ် ဆွေးနွေးပွဲများ၌ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *