PSM(NEWS)

ဧပြီ ၂၆ ၊၂၀၂၆

ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းတွင် သွားလာနေသည့် သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က သောကြာနေ့တွင် တိုက်ခိုက်ခဲ့ရာ လူနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယင်းလုပ်ရပ်အပေါ် လူ့အခွင့်အရေးအဖွဲ့များက “တရားလက်လွတ် သတ်ဖြတ်မှု” ဟု ရှုတ်ချနေကြသော်လည်း ဝါရှင်တန်ဘက်ကမူ “မူးယစ်အကြမ်းဖက်သမားများ” ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် ၏ အဆိုအရ အဆိုပါသင်္ဘောကို အမည်မဖော်လိုသည့် “သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းများ” က မောင်းနှင်နေခြင်းဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူနှစ်ဦးမှာ “မူးယစ်အကြမ်းဖက်သမားများ” ဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသော်လည်း သေဆုံးသူများ၏ အသေးစိတ်အချက်အလက်ကိုမူ ထုတ်ဖော်ခြင်းမရှိပေ။

“ဒီသင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းက လူသိများတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လမ်းကြောင်းတွေအတိုင်း သွားလာနေပြီး မူးယစ်မှောင်ခိုလုပ်ငန်းတွေမှာ ပါဝင်နေတာကို ထောက်လှမ်းရေးသတင်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က X လူမှုကွန်ရက်တွင် ရေးသားထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့သည် မူးယစ်ဆေးဝါး သယ်ဆောင်သည်ဟု သံသယရှိရသည့် သင်္ဘောများကို မကြာသေးမီသီတင်းပတ်များအတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ယခုကဲ့သို့ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၇၀ ကျော် ရှိလာပြီဖြစ်သည်။

ယင်းတိုက်ခိုက်မှုများ၏ တရားဝင်မှုအပေါ် အမေရိကန်နှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက မေးခွန်းထုတ်နေကြသည်။ Human Rights Watch နှင့် Amnesty International အဖွဲ့တို့က ယင်းသည် “ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ” သာဖြစ်ကြောင်း ပြောဆိုကြသလို၊ American Civil Liberties Union အဖွဲ့ကလည်း ထရမ့်အစိုးရ၏ စွပ်စွဲချက်များသည် အထောက်အထားမခိုင်လုံဘဲ ကြောက်ရွံ့မှုကို အခြေခံ၍ ပြောဆိုနေခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *