PSM(NEWS)

မတ် ၂၆၊၂၀၂၆

ထိုင်ဝမ်၏ စစ်ရေးစွမ်းရည် မြှင့်တင်ရာတွင် ကူညီပေးရန် အမေရိကန်ပြည်ထောင်စု၌ အရေးတကြီး လုပ်ဆောင်လိုစိတ်ရှိမြင့်မားနေပြီး ကြန့်ကြာနေသည့် လက်နက်ပေးပို့မှုများကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်သည် ၎င်း၏ အရေးပါဆုံးသော နိုင်ငံတကာ ထောက်ခံအားပေးသူနှင့် လက်နက်ပံ့ပိုးသူဖြစ်သည့် အမေရိကန်ထံမှ မှာယူထားသော လက်နက်များ အကြိမ်ကြိမ် ကြန့်ကြာနေမှုအပေါ် မကျေမနပ် ဖြစ်လျက်ရှိသည်။ ပေကျင်းအစိုးရက ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် ကြေညာထားသည်။

အဓိက ကြန့်ကြာနေမှုများထဲတွင် တရုတ်လေတပ်၏ J-20 ကိုယ်ပျောက်တိုက်လေယာဉ်များကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်က မှာယူထားသည့် အဆင့်မြင့် လေကြောင်း အီလက်ထရောနစ် စနစ်များ၊ လက်နက်များနှင့် ရေဒါစနစ်များ တပ်ဆင်ထားသော Lockheed Martin ထုတ် F-16V တိုက်လေယာဉ် ၆၆ စီးလည်း ပါဝင်သည်။

မှာယူထားသော လက်နက်စနစ် အများအပြားကို စတင်ပေးပို့နေပြီဖြစ်ကြောင်း သို့မဟုတ် ရောက်ရှိနေပြီဖြစ်ကြောင်း ဝယ်လင်တန်ကူး က လွှတ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကြန့်ကြာမှုရှိနေတဲ့ အစိတ်အပိုင်းတွေအတွက်တော့ သက်ဆိုင်ရာ လက်နက်အစီအစဉ်တွေကို အရှိန်မြှင့်ပေးဖို့နဲ့ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အမြန်ဆုံး အမီလိုက်နိုင်ဖို့အတွက် အမေရိကန်က အထူးစီမံချက်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းကို အမြန်ဆုံး မြှင့်တင်ပေးနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးတကြီး လုပ်ဆောင်လိုစိတ်ဟာ တကယ်တမ်းမှာ အတော်လေး မြင့်မားနေတယ်ဆိုတာကိုလည်း ကျွန်တော် အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်အတွက် F-16V တိုက်လေယာဉ်များ ပေးပို့မှုကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး ထုတ်လုပ်မှုကို “အပြည့်အဝ” လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန် ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) ၏ ညွှန်ကြားရေးမှူး မိုက်ကယ်မီလာ က ၂၀၂၃ ခုနှစ်တွင် ထိုင်ဝမ်ကို အခြားဝယ်ယူသူများထက် ဦးစားပေးရန် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ထိုင်ဝမ်အတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးမှုသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မည့် နည်းလမ်းများ ထောက်ပံ့ပေးရန် ဥပဒေအရ တာဝန်ရှိပြီး အဆိုပါ လက်နက်ရောင်းချမှုများသည် ဝါရှင်တန်နှင့် ပေကျင်းတို့အကြား အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ဖြစ်နေသည်။ တရုတ်နိုင်ငံက အဆိုပါ လက်နက်ရောင်းချမှုများကို ရပ်တန့်ရန် တောင်းဆိုထားသည်။

ကိုးကား Reuters

By Htet Ko