PSM(NEWS) မတ်၂၆၊၂၀၂၆ အီရန်နိုင်ငံက၎င်းတို့၏အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်နေခြင်းသည် ဒေသတွင်း နိုင်ငံများ၏ရပ်တည်မှုကိုခြိမ်းခြောက်နေကြောင်းပင်လယ်ကွေ့အာရပ်နိုင်ငံများကဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ပြောကြားခဲ့သည်။အဆိုပါအရပ်သားများအပေါ် တိုက်ခိုက်မှုများသည်စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးပြောကြားထားသည်။ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့်စစ်ပွဲကြောင့်အီရန်ဘက်မှလက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့နိုင်ငံများရှိ စွမ်းအင်ကဏ္ဍနှင့်အရပ်ဘက်အခြေခံအဆောက်အအုံများကိုဒရုန်းများ၊ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ရာအရပ်သားများသေဆုံးမှုရှိနေပြီးကမ္ဘာ့ရေနံစျေးနှုန်းများလည်းမြင့်တက်လျက်ရှိသည်။ “နိုင်ငံတကာနဲ့ဒေသတွင်းလုံခြုံရေးအတွက်ရပ်တည်မှုဆိုင်ရာခြိမ်းခြောက်မှုတစ်ခုကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ဒီလိုကျူးကျော်စော်ကားတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေနဲ့ အချုပ်အခြာအာဏာကိုထိပါးနှောင့်ယှက်နေတာ ဖြစ်ပါတယ်” ဟု ကူဝိတ်သံအမတ်ကြီး နာဆာ အဗ္ဗဒူလာ အိတ်ချ် အမ် အယ်လ်ဟာယန် က ကောင်စီတွင် ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သံအမတ်ကြီးဂျာမယ်ဂျာမာအယ်လ်မူရှာရက်ခ်ကလည်းအီရန်၏လုပ်ရပ်များသည်နယ်ချဲ့လိုသော ရည်မှန်းချက်ဖြင့်နိုင်ငံတကာအစီအစဉ်ကို ပျက်ပြားအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ အဖွဲ့ဝင်၄၇နိုင်ငံပါဝင်သောကောင်စီသည်အီရန်၏“အကြောင်းမဲ့တမင်တကာ”တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချသည့် အဆိုပြုချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ အဆိုပါအဆိုပြုချက်တွင်အီရန်ထံမှနစ်နာကြေးတောင်းခံရန်နှင့်အခြေအနေများကိုစောင့်ကြည့်ရန်ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲကို တောင်းဆိုထားသည်။ အီရန်ဘက်ကမူ၎င်းတို့၏လုပ်ရပ်အပေါ်ခုခံကာကွယ်ပြောဆိုခဲ့ပြီးအမေရိကန်အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ အရပ်သား ၁,၅၀၀ကျော်သေဆုံးခဲ့ရကြောင်းတုံ့ပြန်ခဲ့သည်။“ဒီကနေ့မှာသာသူတို့ကိုမဟန့်တားနိုင်ရင်မနက်ဖြန်မှာထိန်းချုပ်လို့မရတော့မယ့်ရန်သူမျိုးကိုကျွန်တော်တို့ကအားလုံးကိုယ်စားတိုက်ခိုက်ပေးနေတာပါ”ဟုဂျနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အလီဘာရီနီကအစ္စရေးကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ထောက်ခံမှုဖြင့်အီရန်သည်ပြီးခဲ့သည့်သောကြာနေ့ကမူလတန်းကျောင်းတစကျောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍အရေးပေါ်အစည်းအဝေးတစ်ရပ်ကိုသီးသန့်ကျင်းပသွားမည်ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဘိုလ်ကာ တာ့ခ်က အခြေအနေများသည် အလွန်အန္တရာယ်များပြီးခန့်မှန်းရခက်ခဲကြောင်း၊ အီရန်ပဋိပက္ခကို အဆုံးသတ်ရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။“အရပ်သားတွေနဲ့အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ်တိုက်ခိုက်မှုတွေကိုရပ်တန့်ရပါမယ်။ဒါဟာတမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဆိုရင်စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ပင်လယ်ကွေ့နိုင်ငံများသည်ကောင်စီတွင်ခိုင်မာသောထောက်ခံမှုများရရှိခဲ့သော်လည်းအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဝန်ဆောင်မှုအဖွဲ့(ISHR)ကမူကျူးလွန်သူအားလုံး၏ချိုးဖောက်မှုများကိုသာ အာရုံစိုက်ရန် သတိပေးခဲ့သည်။ အမေရိကန်နှင့်အီရန်အကြားကြားဝင်စေ့စပ်ပေးခဲ့ဖူးသော အိုမန်နိုင်ငံကမူ အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများသည် အီရန်၏ လက်တုံ့ပြန်မှုများမတိုင်မီကပင်စတင်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။ “ဒီတိုက်ခိုက်မှုတွေဟာအခုလက်ရှိဒေသတွင်းမှာဖြစ်ပွားနေတဲ့တင်းမာမှုတွေကိုမီးမွှေးပေးလိုက်တဲ့ မီးပွားတွေဖြစ်ပြီး နိုင်ငံတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ခြိမ်းခြောက်နေပါတယ်”ဟုအိုမန်သံအမတ်ကြီး အိုင်ဒရစ် အဗ္ဗဒူ ရာမန် အယ်လ် ခန်ဂျာရီက ပြောကြားခဲ့သည်။ ကိုးကား Reuters Post navigation လက်နက်များ အမြန်ဆုံးပေးပို့နိုင်ရေး အမေရိကန်ဘက်မှ အလွန်အမင်း အရေးတကြီး ဆောင်ရွက်နေကြောင်း ထိုင်ဝမ် ပြောကြား ကင်မရွန်းနိုင်ငံ၏ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံပြောကြား