PSM (News) မတ်လ ၂၆ ရက်၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဖလဲကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား စစ်ဘေးရှောင် ငါး ဦး သေဆုံးပြီး နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးသည် ယမန်နေ့ မတ် ၂၅ ရက် ညနေ ၅ နာရီကျော်ခန့်က ဖလဲကျေးရွာအလယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော အိမ်ပေါ်သို့ ဗုံးနှစ်လုံး တည့်တည့်ပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “အဲဒီမှာ ဘာတိုက်ပွဲမှလည်း ဖြစ်နေတာမရှိဘူး။ ကောလင်းအနောက်ခြမ်းကနေ ဖြတ်လာပြီး ခေါင်းစိုက် ကြဲချသွားတာ။ စစ်ဘေးရှောင်တွေ ခိုနေတဲ့အိမ်ကို တည့်တည့်ကျပြီး အဆောက်အအုံတွေပါ အကုန် ပျက်စီးသွားတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက PSM ကို ပြောသည်။ သေဆုံးသွားသူများ၏ အသေးစိတ်အချက်အလက်များကို ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆက်လက်အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ယခုမတ်လအတွင်း အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်အတုခေါ်ယူ၍ နိုင်ငံတကာတွင် ပုံရိပ်ကောင်းရရန် ကြိုးပမ်းနေသော်လည်း မြေပြင်တွင်မူ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်၍ ဆက်တိုက်ကျူးလွန် လျက်ရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ လေး ဦး သေဆုံးခဲ့သည်။ ဓာတ်ပုံ-CJ Post navigation တမူးအခြေစိုက် NLA တပ်တော် PDF အဖြစ် ကူးပြောင်း၍ NUG ကွပ်ကဲမှုခံယူ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များ ကွပ်ကဲမှုအောက် ဝင်ရောက်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ် ငဖဲမြို့နယ်၊ မန်းချောင်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ၂၀ ဦး သေဆုံး