PSM (News)

မတ် ၂၆ ၊ ၂၀၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း (ကြောင်နွားသိုး) ဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က ယနေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

ငဖဲမြို့အနောက်ဘက် တောရကျောင်း၌ တပ်စွဲထားသော အင်အား ၅၀ ကျော်ပါ စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့ မတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်က မန်းချောင်းဆည်ဘက်သို့ စစ်ကြောင်း ထိုးလာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ် ယာယီတပ်စွဲထားသည့် မန်းချောင်းဆည် ရေပိုလွှဲအရှေ့ဘက် မီတာ ၉၀၀ ကျော်အကွာရှိ နေရာကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကော်မရှင်ဘက်က ၂၀ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု CDF-Asho သတင်းနှင့် ပြန်ကြားရေးဌာနက အတည်ပြု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- CDF Asho

By Htet Ko