မောင်မောင်ကဲ/PSM(News)

မတ် ၂၆၊ ၂၀၂၆

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်ဘေးဒဏ်နှင့် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရချိန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ပြည်သူ့ဘဏ္ဍာ ခိုးရာပါငွေများဟု ယူဆရသည့် မတရားရရှိထားသော ငွေကြေးများဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတစ်လုံးကို ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) ဖြင့် ဝယ်ယူခဲ့ကြောင်း Justice For Myanmar (JFM) ၏ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

အဆိုပါအိမ်ရာမှာ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 စီမံကိန်းအတွင်းတည်ရှိပြီး နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို နည်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ကျူးလွန်နေချိန် ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝယ်ယူရာတွင် ဝယ်ယူသူအချက်အလက်များကို ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသား မြေပိုင်ခွင့် တားမြစ်ချက်ကို ရှောင်လွှဲရန်အတွက် Emerald Princess အမည်ရှိ ကြားခံရုပ်ပြကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့ကြောင်း JFM က ထောက်ပြထားသည်။

အဆိုပါဝယ်ယူမှုကို မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုမျှ မခံရသေးသည့် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏ အမည်ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလုပ်ရပ်မှာ နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ရည်ရွယ်ခြင်းဖြစ်နိုင်သဖြင့် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် မျိုးရတနာထိုက် အပါအဝင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းကသာ ဒဏ်ခတ်ပိတ်ဆို့ထားသော မင်းအောင်လှိုင် ၏ဇနီး ကြူကြူလှတို့ကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် JFM က တိုက်တွန်းထားသည်။

ယခုအိမ်ရာရောင်းဝယ်မှုကို မင်းအောင်လှိုင်မိသားစုကိုယ်စား စစ်အုပ်စုခရိုနီ ထွန်းမင်းလတ်က ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး ထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုဖြင့် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရဖူးသူ ဖြစ်ပြီး ဖမ်းဆီးခြင်းမခံရမီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းမင်းလတ်သည် ၂၀၁၇ ခုနှစ်ကလည်း မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံကို ဘန်ကောက်ရှိ Belle Grand Rama 9 ကွန်ဒိုတွင် တိုက်ခန်းဝယ်ယူနိုင်ရန် ကူညီပေးခဲ့ဖူးပြီး အဆိုပါတိုက်ခန်းမှာ လက်ရှိတွင် အခွန်မဆောင်သဖြင့် ထိန်းချုပ်ပိတ်ပင်ခံထားရကြောင်း သိရသည်။

“စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က ပြည်သူတွေကို သတ်ဖြတ်နေချိန်မှာ သူ့မိသားစုက မတရား ရငွေတွေနဲ့ ထိုင်းမှာ လာရင်းနှီးမြှုပ်နှံနေတာက ရွံရှာစက်ဆုပ်ဖို့ ကောင်းပါတယ်။ ဒါဟာ ထိုင်းဥပဒေကို ချိုးဖောက်တာဖြစ်လို့ အရေးကြီး စုံစမ်းစစ်ဆေးပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရပါမယ်” ဟု JFM ပြောခွင့်ရ မရတနာမောင်က ပြောသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် မင်းအောင်လှိုင်မိသားစုနှင့် ပတ်သက်သည့် အိမ်ခြံမြေများကို ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ စုံစမ်းစစ်ဆေးရန်နှင့် အဆိုပါ ပိုင်ဆိုင်မှုများကို နောင်တွင် မြန်မာနိုင်ငံ၌ တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပေါ်ထွန်းလာချိန်၌ ပြန်လည်လွှဲပြောင်းပေး နိုင်ရန်အတွက် ထိန်းသိမ်းထားရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

By Htet Ko