PSM(NEWS)

မတ် ၂၆ ၊၂၀၂၆

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့ နှင့် အနီးတစ်ဝိုက်တွင်ရုရှား၏တိုက်ခိုက်မှုမျာကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အနောက်တောင်ပိုင်းရှိ ဒန်ညုမြစ်ဆိပ်ကမ်းမြို့ဖြစ်သော အစ္စမေးလ် တွင်လည်း ဆိပ်ကမ်းအဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခါကိဗ်ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက ကြာသပတေးနေ့ အစောပိုင်းတွင် တယ်လီဂရမ် မှတစ်ဆင့်ထုတ်ပြန်ရာ၌ခါကိဗ်မြို့တိုက်ခိုက်ခံရမှုအတွင်းဒဏ်ရာရရှိခဲ့သည့်အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ နယ်စပ်နှင့် ၁၈ ကီလိုမီတာ (၃၀ကီလိုမီတာ)ခန့်သာဝေးကွာပြီးရုရှားတပ်ဖွဲ့များ၏ မကြာခဏပစ်မှတ်ထားခြင်းခံနေရသော အဆိုပါမြို့ရှိခရိုင်နှစ်ခုသို့တိုက်ခိုက်မှုများအတွင်း လူကိုးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင်နယ်စပ်နှင့်ပိုမိုနီးကပ်သောဒေသတစ်ခုတွင် ရုရှား၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသည်၎င်း၏မော်တော်ယာဉ်အတွင်း၌ပင်သေဆုံးခဲ့ကြောင်းအစိုးရရှေ့နေများက ဆိုသည်။

ယူကရိန်းအနောက်တောင်ပိုင်းရှိဒန်ညုဆိပ်ကမ်းမြို့ဖြစ်သောအစ္စမေးလ်တွင်လည်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဆိပ်ကမ်းနှင့်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။

အပြန်အလှန်အားဖြင့် ရုရှားနိုင်ငံဘက်ခြမ်း၊ ဘဲလ်ဂရော့ဒ်ဒေသတွင်ယူကရိန်း၏ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့်နယ်စပ်အနီးရှိကျေးရွာတစ်ရွာတွင်အသက်၁၈နှစ်အရွယ်အမျိုးသားတစ်ဦး မော်တော်ဆိုင်ကယ်စီးနေစဉ် သေဆုံးခဲ့ပြီး၊ ဂရိုင်ဗိုရွန် မြို့တွင်လည်း အမျိုးသမီးတစ်ဦး ၎င်း၏ ကားအတွင်း၌ပင် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗိုက်ချီစလပ်ဗ် ဂလပ်ဒ်ကော့ဗ် က ပြောကြားခဲ့သည်။

ဘဲလ်ဂရော့ဒ်ဒေသသည်မော်စကိုနှင့်ကိဗ်တို့အကြား လေးနှစ်တာကြာမြင့်လာပြီဖြစ်သော စစ်ပွဲအတွင်းယူကရိန်းတပ်ဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခြင်းကို ခံနေရသည့် ဒေသဖြစ်သည်။

မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗျာနင်ကလည်း ဗုဒ္ဓဟူးနေ့တစ်နေ့လုံးအတွင်း မြို့တော်သို့ ဦးတည်လာသည့် ယူကရိန်းဒရုန်း ၁၇ စင်းကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မော်စကိုမြို့တော်ကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်ခိုက်သည့် အရေအတွက်မှာလည်း အပြောင်းအလဲ ရှိနေတတ်သည်။

ကိုးကား Reuters

By Htet Ko