PXM(News)

မတ် ၂၆၊ ၂၀၂၆

မန္တလေးမြို့ အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ ယနေ့ ည ၇ နာရီ ၃၇ မိနစ်အချိန်တွင် အင်အားရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုကာ အင်အားအနည်းငယ်ရှိသည့် ငလျင်အဖြစ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သော်လည်း မန္တလေးမြို့ပေါ်ရှိ ဒေသခံများမှာ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပြီး လမ်းပေါ်သို့ ထွက်လာကြသည်အထိ စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

“မနှစ်က ငလျင်ကြီးဖြစ်တာ တစ်နှစ်ပြည့်တော့မယ့် အချိန်ဆိုတော့ လူကို တုန်သွားတာပဲ” ဟု မန္တလေးမြို့ခံတစ်ဦးက PSM News ကို ပြောသည်။

ယခုငလျင်လှုပ်ခတ်မှုသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ၇.၇ မှ ၇.၉ အဆင့်ရှိ အလွန်အင်အားပြင်းထန်သော “စစ်ကိုင်းငလျင်ကြီး” တစ်နှစ်ပြည့်ရန် နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်း ငလျင်ကြီးကြောင့် လူပေါင်း ၃,၇၀၀ မှ ၅,၀၀၀ ကျော်အထိ သေဆုံးခဲ့ပြီး ၁၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ မြန်မာ့ခေတ်ပေါ်သမိုင်းတွင် သေဆုံးမှုအများဆုံး ငလျင်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

By Htet Ko