PSM (News)

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ရှိ ဟော်ဇောင်းရွာကို ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှစတင်ကာ စစ်ကော်မရှင်က လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၁၅ စင်း၊ Y-12 လေးစင်း နှင့် ဂျိုင်ရိုကော်ပတာ နှစ် စင်းတို့ကို အသုံးပြု၍ တစ်နေကုန် အလှည့်ကျ ဗုံးကြဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အကြိမ် ၂၀ ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်သည် ဟော်ဇောင်းဈေးတန်း၊ ဆေးရုံဟောင်းနှင့် အရပ်သားများရှိသည့် နေရာများကို အဓိကထား တိုက်ခိုက်နေခြင်းဖြစ်သည်။

“ဒီနေ့မနက်ခင်းကတည်းက ဟော်ဇောင်းကို ဗုံးကြဲနေတာ ဖိုက်တာနဲ့ အကြိမ် ၂၀ ကျော်ပြီ။ အလှည့်ကျ လာကြဲတာပါ။ လက်ရှိအချိန်ထိ အထိခိုက် အသေဆုံး အတိအကျမရသေးပေမယ့် ၈၀ ကျော်လို့ ကြားထားပါတယ်။ ဟော်ဇောင်းဈေးတန်းထဲ ကျရောက်ပေါက်ကွဲတာမို့ ပြည်သူတွေ သေဆုံးတာလို့ သိရတယ်ဗျာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ခုက PSM News ကို ပြောသည်။

စစ်ကော်မရှင်သည် ကင်းထောက်လေယာဉ် နှစ်စင်းဖြင့် အပေါ်မှပတ်၍ လူစုလူဝေးရှိရာနေရာများကို အညွှန်းပေးပို့ကာ ပစ်မှတ်ထား တိုက်ခိုက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖောင်းပြင်မြို့ အတွင်းရှိ စစ်ကော်မရှင်တပ်များကလည်း ဟော်ဇောင်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေး လျက်ရှိသည်။

အဆိုးရွားဆုံးအနေဖြင့် ဗုံးများသည် လူစည်ကားရာ ဈေးတန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၈၀ ကျော် သေဆုံးနိုင်ပြီး နေအိမ်များနှင့် စက်သုံးဆီတင်ယာဉ်အချို့လည်း မီးလောင်ပျက်စီး သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် နောက်ဆက်တွဲ အခြေအနေများကို အသေးစိတ် သိရှိနိုင်ရန် PSM News အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စစ်ကော်မရှင်သည် လေတပ်စခန်းဌာနချုပ်ရှိသည့် ဟုမ္မလင်းတွင် အခြေစိုက်၍ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟုမ္မလင်းသို့ လာရောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် စစ်ဆင်ရေး၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်။

ဓာတ်ပုံ – CJ

#စစ်ကိုင်း

#ဟော်ဇောင်း

#စစ်ကော်မရှင်

#တစ်နေကုန်ဗုံးကြဲတိုက်ခိုက်

By Htet Ko