PSM (News) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးပြီး စစ်ကော်မရှင်တပ်သားများ ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားသည့် “မနက်ဖြန်သည် သင်နှင့် သက်ဆိုင်မှုလုံးဝ မရှိစေရ” ရုပ်ရှင်ဇာတ်ကားကို လာမည့် မတ်လ ၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ကို AI နည်းပညာနှင့် Face Swap နည်းပညာများ အသုံးပြုကာ ဖန်တီးထားခြင်းဖြစ်ပြီး သရုပ် ဆောင်မဟုတ်သည့် လူငယ်များနှင့်အတူ စစ်ကော်မရှင်တပ်မှ တပ်သားများလည်း ပါဝင်ထားကြောင်း ဒါရိုက်တာ သည်ခေတ်နေက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။ ဇာတ်ကားအမည်ပါ “မနက်ဖြန်” ဆိုသည်မှာ တော်လှန်ရေးရဲဘော်များနှင့် ဘက်တော်သားများ၏ ပေးဆပ်မှုဖြင့် ပေါ်ထွန်းလာမည့် အနာဂတ်နိုင်ငံတော်ကို ရည်ညွှန်းပြီး “သင်” ဆိုသည်မှာ တော်လှန် ရေးတွင် ပါဝင်ခြင်းမရှိဘဲ အတ္တဆန်စွာ ကန့်လန့်တိုက်နေထိုင်သူများကို ဆိုလိုခြင်းဖြစ်ကြောင်း စီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။ ယခု စင်ကာပူတွင် ပြသမည့်ဗားရှင်းမှာ စင်ကာပူနိုင်ငံ ဆင်ဆာအဖွဲ့၏ စည်းမျဉ်းများအရ အချို့ဇာတ်ဝင် ခန်းများကို တည်းဖြတ်ပြင်ဆင်ထားသည့် Special Version ဖြစ်ပြီး Golden Mile Tower ရှိ Carnival ရုပ်ရှင်ရုံတွင် ပြသမည်ဖြစ်သည်။ စင်ကာပူရုပ်ရှင် သတ်မှတ်ချက်အရ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ကြည့်ရှုခွင့်မရှိကြောင်း သိရပြီး လက်မှတ်များကို Carnival ရုပ်ရှင်ရုံ ဝဘ်ဆိုက်၊ Moon King Facebook Page နှင့် ပင်နီဆူလာ ၅ လွှာရှိ “ထိုက်သူရ” ဆိုင်တို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကို ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင်လည်း ပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။ #မနက်ဖြန်သည် #သင်နှင့်လုံးဝသက်ဆိုင်မှုမရှိစေရ #စင်ကာပူ #သည်ခေတ်နေ #PSM_News Post navigation ဖားဆောင်းနှင့် မိုးဗြဲတွင် တိုက်ပွဲများပြင်းထန်နေပြီး သံလွင်တံတား ထပ်မံမိုင်းခွဲခံရ မင်းမော်ကွန်း ရိုက်ကူးသည့် “The Rubbish” ဇာတ်လမ်းတိုကို 24FM တွင် စတင်ကြည့်ရှုနိုင်ပြီ