PSM News ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ကရင်နီပြည်နယ်အတွင်းရှိ ဖားဆောင်းနှင့် မိုးဗြဲမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်များက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး ဖားဆောင်း (သံလွင်) တံတားမှာလည်း ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ဖားဆောင်းမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးများဖြင့် အပြင်းအထန် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ နှစ်ဖက် စစ်ရေးတင်းမာနေစဉ်အတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖားဆောင်းမြို့ရှိ သံလွင်တံတားမှာ ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး KNPP၊ KNDF နှင့် PDF တပ်ဖွဲ့များက ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင် လက်အောက်ခံ မီဒီယာများက စွပ်စွဲ ထားသည်။ စစ်ကော်မရှင်ကဖားဆောင်းတံတား ပျက်စီးမှုကို တော်လှန်ရေးတပ်ဖွဲ့များကြောင့်ဟု စွပ်စွဲပြောဆို ထားသော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဘက်ကမူ တုံ့ပြန်ပြောဆိုထားခြင်း မရှိပေ။ အလားတူ စစ်ကော်မရှင်နှင့် PNO ပအိုဝ်းပြည်သူစစ် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ မိုးဗြဲအနောက်ဘက်ခြမ်းရှိ လာမောက်လာနှင့် လွယ်ယင်းမင်္ဂလာကျေးရွာများ အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ကထုတ်ပြန်ထားသည်။ စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်များသည် နယ်မြေစိုးမိုးရေးအတွက် ဒရုန်းများနှင့် လက်နက်ကြီးများကို အသုံးပြုကာ စစ်ဘေးရှောင် ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အထူးသတိရှိရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကန့်သတ်ထားသည့် နယ်မြေအတွင်းသို့ ဖြတ်သန်းသွားလာခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် MBPDF က ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။ ဓာတ်ပုံ-စစ်ကော်မရှင်၊MBPDF #ဖားဆောင်း #မိုးဗြဲ #တိုက်ပွဲများပြင်းထန် #သံလွင်တံတား #ထပ်မံမိုင်းခွဲ #PSM_News Post navigation ဖေဖော်ဝါရီ တတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၅ ဦး ပြည်သူ့ထံ ပူးပေါင်း၊ စစ်မှုထမ်းတပ်သားသစ်များ အများဆုံးပါဝင်နေ စစ်ကော်မရှင်တပ်သားများ ပါဝင်သည့် “မနက်ဖြန်သည် သင်နှင့် သက်ဆိုင်မှုလုံးဝ မရှိစေရ” ရုပ်ရှင် စင်ကာပူတွင် ပြသမည်