PSM (News)

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရဲနှင့် ပြည်သူ့စစ် အဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးသည် တော်လှန်ရေးအင်အားစုများထံ လက်နက်ချခြင်း၊ အလင်းဝင်ခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင် (People’s Goal) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ပန်းတိုင်၏ အချက်အလက်များအရ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်အတွင်း အလင်းဝင် ပူးပေါင်းလာသူ ၂၁ ဦး၊ လက်နက်ချလာသူ ၂၁ ဦးနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ သုံး ဦး ရှိခဲ့ပြီး အဆိုပါ ပူးပေါင်းလာသူများအနက် ထူးခြားချက်မှာ စစ်ကော်မရှင်၏ အဓမ္မစစ်မှုထမ်းရန် စေခိုင်းခြင်းခံခဲ့ရသည့် တပ်သားသစ် ၂၄ ဦးအထိ ပါဝင်နေခြင်းဖြစ်သည်။

ဒေသအလိုက် အလင်းဝင်ပူးပေါင်းမှုများတွင် ကရင်ပြည်နယ်မှ ကိုး ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ချင်းပြည်နယ်မှ ခြောက် ဦး၊ မကွေးတိုင်းမှ ငါး ဦးနှင့် စစ်ကိုင်းတိုင်းမှ တစ် ဦးတို့ ပါဝင်သည်။ လက်နက်ချမှုများတွင် တနင်္သာရီတိုင်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် စစ်သား တစ် ဦး၊ ကရင်ပြည်နယ်မှ စစ်သား ၁၀ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ပန်းတိုင်၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အထိ စုစုပေါင်း လက်နက်ချ၊ အလင်းဝင်နှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၂,၉၄၈ ဦးအထိ ရှိလာပြီဖြစ်သည်။

ဓာတ်ပုံ-KNU

ပုံစာ-ဖေဖော်ဝါရီ ၂၀ ရက်နေ့က လယ်ဒိုမြို့နယ်အတွင်း လက်နက်ချ အလင်း ၀င်‌လာသော အတင်းအဓ္ဓမ စစ်မှုထမ်းစေခိုင်းခံရသူ ၁၀ ဦးကိုတွေ့ရစဉ်။

#ဖေဖော်ဝါရီတတိယပတ်

#စစ်ကော်မရှင်တပ်ဖွဲ့ဝင်

#၄၅ဦး

#ပြည်သူ့ထံပူးပေါင်း

#PSM_News

By Htet Ko

You missed