PSM (News)

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပြည်သူ့နေအိမ်များနှင့် ဆန်စက်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ‘မီးရှို့ကိုကို’ ဟု နာမည်ကြီးနေသည့် ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ တပ်စွဲထားသော စစ်ကော်မရှင်တပ်အင်အား ၄၀ ခန့်သည် ဖေဖော်ဝါရီ ၂၄ ရက်၊ ညနေ ၆ နာရီခန့်က သံချပ်ကာကားကို အကာအကွယ်ယူ၍ ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက်ရှိ နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဆန်စက်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ မီးရှို့အဖွဲ့ကို ခင်ဦးမြို့နယ် ပကဖ၊ UG ပကဖနှင့် တိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့များက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာရီပိုင်းအကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း ခင်ဦးဆေးရုံတွင် အထိုင်ချထားသည့် စစ်ဗိုလ် ကျော်ကိုကိုဦး (ခ) မီးရှို့ကိုကို သေဆုံးခဲ့ပြီး အခြားစစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိကာ ဆုတ်ခွာသွားခဲ့သည်။

သေဆုံးသူ ဗိုလ်ကျော်ကိုကိုဦးသည် ရန်ကုန်အခြေစိုက် အမှတ်(၄)ခြေလျင်တပ်မဟာ (တမဟ-၄) မှ ဖြစ်ပြီး ‘မီးရှို့ကိုကို’ ဟု ကြွေးကြော်ခြိမ်းခြောက်၍ ပြည်သူ့နေအိမ်များကို လိုက်လံမီးရှို့လေ့ရှိသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

တိုက်ပွဲအပြီးတွင် စစ်ကော်မရှင်တပ်ထံမှ MA-1 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး အင်အားစုများဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ သေဆုံးသွားသည့် စစ်ဗိုလ်ကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့တောင်သုသာန်၌ မီးရှို့သင်္ဂြိုဟ်မည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကော်မရှင်တပ်သည် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ခုခံစစ်များ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-ခင်ဦးပကဖ

#စစ်ကိုင်း

#ခင်ဦး

#ပကဖ #

#မီးရှို့ကိုကို

#MA1သိမ်းဆည်းရမိ

#PSM_News

By Htet Ko