PSM(NEWS)

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆

ရုရှား၏ ကျူးကျော်စစ် ၄နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်ကာလတွင် ယူကရိန်းအား နျူကလီးယား လက်နက်ထောက်ပံ့နေသည် ဟူသော ရုရှား၏ စွပ်စွဲချက်များကြောင့် နိုင်ငံတကာတင်းမာမှုများ မြင့်တက်လာခဲ့သည်။

ယူကရိန်းနိုင်ငံသည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့၏ အကူအညီဖြင့် နျူကလီးယားလက်နက်အစိတ်အပိုင်းများနှင့် နည်းပညာများ ရရှိရန် လျှို့ဝှက်ကြိုးပမ်းနေသည်ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့(SVR)က သက်သေအထောက်အထားမပါဘဲ စွပ်စွဲခဲ့သည်။

ယင်းစွပ်စွဲချက်အပေါ်ဗြိတိန်အစိုးရကပြင်းထန်စွာတုံ့ပြန်ခဲ့ပြီး၊၎င်းသည် သမ္မတဗလာဒီမီယာပူတင်က ယူကရိန်းတွင် ကျူးလွန်နေသည့် အရက်စက်ဆုံး လုပ်ရပ်များမှ အာရုံလွှဲရန် ကြိုးပမ်းသည့် “အဓိပ္ပာယ်မရှိသောလုပ်ကြံချက်” သာဖြစ်ကြောင်း ပယ်ချခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က ယူကရိန်းအတွက် အကြီးဆုံးသော ပိတ်ဆို့အရေးယူမှုအသစ်များနှင့် ထောက်ပံ့မှု အစီအစဉ်ကို ကြေညာခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကလည်း ယူကရိန်း၏ ပျက်စီးသွားသော စွမ်းအင်ကဏ္ဍပြန်လည်ပြုပြင်ရေး၊ ရှေ့တန်းဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ရုရှားအား စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံစေရန် ကြိုးပမ်းမှုများအတွက် ဗြိတိန်အစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ယူကရိန်းသည် ဟန်ဂေရီ၏ စွမ်းအင်စနစ်ကို နှောင့်ယှက်ရန် စီစဉ်နေသည်ဟု စွပ်စွဲကာ ၎င်းတို့၏ အခြေခံအဆောက်အအုံများတွင် စစ်အင်အားများ တိုးမြှင့်ချထားခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်း၌မူ ရုရှားသည် ဒုတိယမြောက်နေ့အဖြစ် ဂတ်စ်သိုလှောင်ရုံနှင့် စွမ်းအင်စက်ရုံများကို ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်နေပြီး၊ စစ်ပွဲ ၄ နှစ်အတွင်း အရပ်သား ၁၅,၀၀၀ ကျော် သေဆုံးခဲ့ရသည့် အ‌ခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ကိုးကား The Independent

#ယူကရိန်းစစ်ပွဲ_၄_နှစ်ပြည့်

#နျူကလီးယား_စွပ်စွဲချက်

#ရှရှား

#ဗြိတိန်

#ပယ်ချ

#PSM_News

By Htet Ko