စလင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား၊ ထောက်ပို့ယာဉ်တန်း ၅ စီးအား ဖြတ်တောက်သိမ်းဆည်းရမိ

PSM(News)

ဇန်နဝါရီ ၂၆၊ ၂၀၂၆ 

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ အထိုင်စခန်းများကို ဗမာ့တပ်တော် (Bamar Army – BA) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အထိနာပြီး သေဆုံးသူ အများအပြားရှိကြောင်း သိရသည်။

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ကျေးရွာများတွင် အထိုင်ချထားသော စစ်ကော်မရှင် တပ်စခန်းများကို ဗမာ့တပ်တော် (BA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ စစ်ဆင်ရေးဖော်ဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ ထောက်ပို့ယာဉ်တန်း ငါး စီးကို ကြားဖြတ် ဖြတ်တောက် နိုင်ခဲ့ပြီး ခဲယမ်းမီးကျောက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟု ဗမာ့ တပ်တော်က ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စစ်ကော်မရှင်၏ နေပြည်တော်၊ မိတ္ထီလာနှင့် မကွေးလေတပ်စခန်းများမှ ဂျက်ဖိုက်တာများ၊ Y-12 လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စလေမြို့ အခြေစိုက် ခလရ-၄၁၆ တပ်ရင်းမှလည်း ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် နေကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်း များပြားခဲ့သလို ဗမာ့တပ်တော်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်အချို့တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်။

ဗမာ့တပ်တော် (BA) သည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်ပါ ကတိကဝတ်များနှင့် ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားသည့် တပ်တော်တစ်ခုဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အထူးပြု ဖော်ပြထားသည်။

ဓာတ်ပုံ – ဗမာ့တပ်တော် 

#PSM_News 

#စလင်း 

#ဆင်ဖြူကျွန်း 

#ဗမာ့တပ်တော် 

#BA 

#စစ်ကော်မရှင် 

#ထောက်ပို့ယာဉ်တန်း

By Htet Ko