PSM (News)

မေ ၂၅ ၊ ၂၀၂၆

မလေးရှားနိုင်ငံအခြေစိုက် ချင်းဒုက္ခသည်များကော်မတီ (Chin Refugee Committee -CRC) အဖွဲ့၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဂျူဗလီပွဲတော်သို့ တက်ရောက်ရန်အတွက် အဆိုတော် ဖြူဖြူကျော်သိန်းသည် မလေးရှားနိုင်ငံသို့ ယမန်နေ့ မေ ၂၄ ရက်က ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

လာမည့် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ ငွေရတုအခမ်းအနားသို့ အထူးဧည့်သည် တော်များအဖြစ် အဆိုတော် ဖြူဖြူကျော်သိန်းနှင့်အတူ UFC Flyweight ချန်ပီယံ ဂျိုရှုအာဗန် တို့က တက်ရောက်ချီးမြှင့်ကြမည် ဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း CRC အဖွဲ့မှ တာဝန်ရှိသူများနှင့် ပရိသတ်အချို့က လေဆိပ်သို့ သွားရောက်ကာ လှိုက် လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး UFC ချန်ပီယံ ဂျိုရှုအာဗန်သည်လည်း မကြာမီ မလေးရှားနိုင်ငံသို့ ထပ်မံရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့တွင် ကျင်းပမည့် ငွေရတုပွဲအပြင် ယနေ့ မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင်လည်း အထူးပရိသတ်တွေ့ဆုံပွဲ အစီအစဉ်တစ်ခုကို သီးသန့် စီစဉ်ပေးထားကြောင်း သိရသည်။

ပွဲဝင်ကြေး အခမဲ့ဖြစ်သော်လည်း အမှတ်တရ တီရှပ်များကို ပွဲကျင်းပရာနေရာ၌ပင် တစ်ထည်လျှင် မလေးရှားရင်းဂစ် ၅၀ ဖြင့် ဝယ်ယူအားပေးနိုင်ကြောင်း CRC အဖွဲ့က အသိပေး ကြေညာထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

You missed