PSM(News)

မေ ၂၅၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ သရက်ကန် ပျူစောထီးစခန်းကို မကွေးပြည်သူ့ ကာကွယ်ရေးတပ်မတော် (Magway PDF) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းစခန်းအတွင်း ငါး နှစ်ကြာ ဖိနှိပ်ချုပ်ချယ်ခံထားရသည့် အမျိုးသမီးနှင့် ကလေး ငယ်များအပါအဝင် ဒေသခံပြည်သူ ၄၉ ဦးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မကွေးဒေသတွင်း မဟာမိတ်အင်အားစုများ စုပေါင်းဖော်ဆောင်သည့် “တမာမြေစစ်ဆင်ရေး” အဖြစ် ပြီးခဲ့သည့် မေ ၂၂ ရက် နံနက် ၅ နာရီခန့်က အဆိုပါ သရက်ကန်ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အာဏာလုအစိုးရစစ်တပ်ဘက်မှ လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ ထက်မနည်း အပြင်းအထန် အသုံးပြု၍ ခုခံခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မဆုတ် မနစ် တိုက်ပွဲဝင်ခဲ့ကြသဖြင့် မေ ၂၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် စခန်းတစ်ခုလုံးကို အပြီးသတ် စိုးမိုးသိမ်းပိုက်နိုင်ခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(မကွေး PDF) ထံမှ သိရသည်။

တိုက်ပွဲအပြီးတွင် ရန်သူ့ထံမှ ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ခြောက် လက်၊ လက်လုပ်သေနတ် တစ် လက်နှင့် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်တွင် သရက်ကန်ကျေးရွာအတွင်း၌ အိမ်ပေါက်စေ့နှင့် လမ်းတိုင်းတွင် တိုက်မိုင်း၊ နင်းမိုင်းများ အများအပြား ကျန်ရှိနေသေးသဖြင့် စစ်ရေးအခြေအနေ ပြင်းထန်လာနိုင်မှုနှင့်အတူ မိဘ ပြည်သူများအနေဖြင့် ကျေးရွာအတွင်းသို့ စွန့်စားဝင်ထွက်သွားလာခြင်း လုံးဝမပြုလုပ်ကြရန် မကွေးPDF က အရေးပေါ် သတိပေးထားသည်။

ဓာတ်ပုံ-မကွေး-PDF

By Htet Ko

You missed