မေ ၁၆၊ ၂၀၂၆

PSM (News)

စစ်ရေးတင်းမာမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကြုံတွေ့နေရသည့် စစ်ကိုင်းတိုင်း၊ အင်းတော် မြို့နယ်အတွင်း ဒေသခံစစ်‌‌ဘေးရှောင်များသည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ စတားလင့်ခ် (Starlink) အင်တာနက် ကန့်သတ်ပိတ်ပင်မှုကြောင့် အမှောင်ချခံထားရပြီး သတင်း အချက်အလက် ပြတ်တောက်ကာ အသက်အန္တရာယ် ပိုမိုစိုးရိမ်နေရကြောင်း စစ်ရှောင်များနှင့် ဒေသခံ များထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေး အကြောင်း ပြချက်ဖြင့် စတားလင့်ခ် ဝိုင်ဖိုင် သုံးစွဲမှုများကို “ယာယီပိတ်သိမ်းထားရမည်” ဟု ပြီးခဲ့သည့် မေ ၃ ရက်ကထုတ်ပြန်ခဲ့သည်။

အင်းတော်ပအဖက ထိုသို့ ပိတ်သိမ်းလိုက်ပြီးနောက် အင်တာနက်လိုင်းကိုသာ အဓိကအားထား နေရသည့် စစ်ရှောင်ပြည်သူများသည် အာဏာလုအစိုးရ စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုနှင့် လေကြောင်းအန္တရာယ် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်းမရှိတော့ဘဲ မြေပြင်တွင် အခက်အခဲဖြစ်နေကြရသည်။

“ကျွန်တော်တို့ကတော့ သတင်းကိုပဲ အမြဲနားစွင့်နေရတာ၊ လိုင်းပေါ်က သတင်းကပဲ အဓိက အားထားရတာမျိုးပါ။ မြေပြင်မှာကျတော့ တိကျသေချာတဲ့ သတင်းထုတ်ပြန်ပေးတာမျိုး မရှိတော့ ကိုယ့်ဘာသာ အခြေအနေကြည့်ပြီး ပြေးလွှားနေရတယ်” ဟု အသက်ဘေးလွတ်ရာ တိမ်းရှောင်နေ ရသည့် မြေပြင်ရှိ စစ်ရှောင်တစ်ဦးက၎င်းတို့၏ အခက်အခဲကို ရင်ဖွင့်သည်။

ပအဖအဖွဲ့၏ စတားလင့်ခ် ပိတ်သိမ်းမှုသည် အမှန်တကယ် သတင်းပေးနေသူများကို တားဆီး နိုင်ခြင်းမရှိဘဲ အခြေခံပြည်သူများကိုသာ ဒုက္ခရောက်စေကြောင်း မြေပြင်တွင် ဝေဖန်မှုများလည်း ရှိနေသည်။

“သူတို့ကတော့ လုံခြုံရေးကို အကြောင်းပြုပြီး စတားလင့်ခ် ကို ပိတ်တာပဲလေ။ စစ်တပ်ကို တကယ် သတင်း ပေးတဲ့သူက စတားလင့်ခ် မရှိလည်း သူတို့နည်းသူတို့ဟန်နဲ့ သတင်းပေးနေကြတာပဲ။ ကိုယ့် ဘက်က ပြည်သူတွေသာ စတားလင့်ခ် မရှိရင် ဒုက္ခလှလှကြီး တွေ့ရတာ။ သတင်းလည်းမရ၊ မိသားစု တွေနဲ့လည်း အဆက် အသွယ်ပြတ်၊ ငွေလွှဲငွေထုတ်တာတွေပါ အကုန်လုံး ပြတ်တောက်ကုန်တာ” ဟု အခြားစစ်ရှောင်ပြည်သူတစ်ဦးက PSM ကို ပြောသည်။

အင်တာနက်လိုင်းများ ပြတ်တောက်နေချိန်တွင် မြေပြင်၌ ကောလာဟလနှင့် သတင်းမှားများ ပိုမို စိုးမိုးလာပြီး ပြည်သူများကြားတွင် ထိတ်လန့်မှုများ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်သည် သက္ကယ်ကျင်းရွာအထိ ရောက်ရှိလာပြီဟူသော သတင်းမှားကြောင့် ဒေသခံပြည်သူများသည် ညသန်းခေါင်ယံတွင် ရွာလုံးကျွတ် အထိတ်တလန့် ထွက်ပြေးခဲ့ကြရသည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းတွေက ဘယ်နားရောက်ပြီ၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ အချိန်နှင့်တပြေးညီ သိရရင် ပြည်သူလူထုက ရှောင်သင့်၊ မရှောင်သင့် အနီးစပ်ဆုံး တွက်ချက်လို့ရတာပေါ့။ အခုဟာက သတင်း အမှားတွေကြောင့် လူတွေအထိတ်တလန့်ဖြစ်ပြီး မပြေးသင့်ဘဲ ပြေးရတာတွေ ရှိနေတယ်” ဟု အင်းတော် ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

အာဏာလုစစ်အုပ်စုသည် အင်းတော်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က ပြန်လည်ထိန်းချုပ်ပြီးနောက် အနီးပတ်ဝန်းကျင်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို လက်ရှိတွင် မော်လူးမြို့နယ်ဘက်သို့ ထိုးစစ်ဆင်ရန် စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ယင်းအပြင် အင်းတော်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် မြန်မာကျပ်ငွေ ၁၅,၀၀၀ အထက် အထိ ကုန်ဈေးနှုန်း မြင့်တက်နေပြီး ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ နေသည့် ကြားမှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-CJ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *