PSM (NEWS)

မေ ၂၅ ၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ အိန်ဂျလိစ်မြို့ တွင်တနင်္ဂနွေနေ့က တည်ဆောက်ဆဲ အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။ လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသူ ၂၁ ဦးကို ဆက်လက်ရှာဖွေနေသည်။

မနီလာမြို့၏ မြောက်ဘက်ရှိ အိန်ဂျလိစ်မြို့တွင် ဖြစ်ပွားခဲ့သည့် ယင်းအဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်သားများသည် ကွန်ကရစ်တုံးများနှင့် သံချောင်းများ ပြိုကျနေသည့် နေရာတွင် ပိတ်မိနေသူများကို ရှာဖွေလျက်ရှိပြီး ကယ်ဆယ်ရေးခွေးများ၊ နှလုံးခုန်သံကို ထောက်လှမ်းနိုင်သည့် ကိရိယာများနှင့် လေးလံသော စက်ကိရိယာများကို အသုံးပြု၍ ရှာဖွေနေကြသည်။

သေဆုံးသူမှာ မလေးရှားနိုင်ငံသား တစ်ဦးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ခဲ့သည့် အနီးရှိ ဟိုတယ်တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒေသဆိုင်ရာ မီးသတ်ဌာနမှ ပြန်ကြားရေးအရာရှိ မာရီယာ လီး ဆာဂျီလီက ပျောက်ဆုံးနေသူ ၂၁ ဦးအနက် ၅ ဦးမှာ ပိတ်မိနေကြောင်း အတည်ပြုထားပြီး၊ ၎င်းတို့အနက် နှစ်ဦးမှာ ကယ်ဆယ်ရေးသမားများနှင့် အဆက်အသွယ် ရရှိနေဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း ညအချိန်ရောက်ရှိလာပါက လုပ်ငန်းများ ပိုမိုခက်ခဲလာနိုင်ကြောင်း သူမက သတိပေး ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံသည် ခွင့်ပြုချက်အရ ကိုးထပ်ပါရှိသည့် ကွန်ဒို-ဟိုတယ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း အဆောက်အအုံ၏ ၁၀ ထပ်မြောက်တွင် ရေကူးကန်တစ်ခု တည်ဆောက်နေကြောင်း အရာရှိများက သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

You missed