PSM (NEWS)

မေ ၂၄ ၊၂၀၂၆

စနေနေ့ညနေပိုင်းက အိမ်ဖြူတော် အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် သေနတ်သမားတစ်ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း အမေရိကန်လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ (Secret Service) က သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသားသည် အိမ်ဖြူတော်အနီး ၁၇ လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်းဆုံရှိ စစ်ဆေးရေးဂိတ်သို့ ချဉ်းကပ်လာပြီးနောက် အိတ်ထဲမှ သေနတ်ကိုထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သေနတ်သမားမှာ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုအတွင်း လမ်းသွားလမ်းလာ ပြည်သူတစ်ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ထိုသူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

သေနတ်သမားမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သူတစ်ဦးဖြစ်ပြီး ယခင်ကလည်း ၎င်းအား အဆိုပါနေရာသို့ မလာရောက်ရန် အမိန့်ထုတ်ပြန်ထားခဲ့သူဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

ကိုးကား-Reuters

By Htet Ko

You missed