PSM(NEWS) မေ ၂၅၊၂၀၂၆ ရုရှားနိုင်ငံသည် တနင်္ဂနွေနေ့တွင် ကိယက်ဗ်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ဒရုန်းများနှင့် ဒုံးကျည်ရာနှင့်ချီ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် လေးနှစ်ကြာမြင့်ပြီဖြစ်သည့် စစ်ပွဲစတင်ချိန်မှစ၍ ကိယက်ဗ်မြို့ကို ပစ်မှတ်ထားသည့် အပြင်းထန်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်ပြီး မြို့တော်အနီးတွင် ‘အိုရက်ရှ်နစ်’ ဟိုက်ပါဆိုးနစ်ဒုံးကျည်ကိုလည်း အသုံးပြုခဲ့သည်။ ယူကရိန်းအရာရှိများ၏ အဆိုအရ ရုရှား၏ နာရီပေါင်းများစွာ ကြာမြင့်ခဲ့သော ညတွင်းချင်း တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်ရာပေါင်းများစွာနှင့် ကျောင်းအချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက စစ်ပွဲကိုစတင်ကျူးကျော်ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ယူကရိန်းကို အိုရက်ရှ်နစ် ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းမှာ ယခုအကြိမ်သည် တတိယမြောက် ဖြစ်သည်။ အိုရက်ရှ်နစ် ဒုံးကျည်သည် မိုင်ပေါင်းထောင်နှင့်ချီ၍ ပျံသန်းနိုင်သည့် အကွာအဝေးရှိပြီး နျူကလီးယား ထိပ်ဖူးတပ်ဆင် သယ်ဆောင်နိုင်စွမ်းရှိသည်။ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဇယ်လန်းစကီး က “ရုရှားအတွက် အကျိုးဆက်မရှိဘဲ ကျန်နေမှာမဟုတ်ဘူးဆိုတာက အရေးကြီးပါတယ်။ အမေရိကန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေဆီကနေ ဆုံးဖြတ်ချက်တွေ လိုအပ်နေပါတယ်” ဟု တယ်လီဂရမ်တွင် ရေးသားထားသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ယူကရိန်း၏ စစ်ရေးကွပ်ကဲမှုဌာနများ၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာနများနှင့် လေတပ်အခြေစိုက်စခန်းများအပါအဝင် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ရုရှားသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆိုထားသော်လည်း စစ်ပွဲအတွင်း ယူကရိန်းမြို့များ၌ ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ကိုးကား-Reuters Post navigation အီရန်နိုင်ငံသည် ၎င်း၏ အဆင့်မြင့်ကြွယ်ဝသော ယူရေနီယမ်သိုလှောင်မှုကို လွှဲပြောင်းပေးရန် သဘောတူညီချက်မရှိသေးကြောင်း အီရန်အဆင့်မြင့်သတင်းရင်းမြစ်က ပြောကြား အိမ်ဖြူတော်အနီးတွင် သေနတ်သမားတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားသေဆုံး