PSM(NEWS)

ဧပြီ ၂၅၊၂၀၂၆

အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ် တွင် ပြင်ဆင်စောင့်ဆိုင်းနေသည်မှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်သော်လည်း နှစ်ဖက်တွေ့ဆုံမည့် အရိပ်အယောင်များ မတွေ့ရသေးဘဲ မြို့တော်၏ အစိတ်အပိုင်းအတော်များများကို အာဏာပိုင်များက ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။

အုပ်ချုပ်ရေးဗဟိုဌာနဖြစ်သော “Red Zone” သို့ ဦးတည်သည့် အဓိကလမ်းမကြီးများကို ပိတ်ထားပြီး တင်းကျပ်သော လုံခြုံရေးစည်းဝိုင်းများ ချထားသည်။ အဆိုပါအခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်နေကာ မြို့နေလူထုမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ခရီးသွားလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

အစိုးရတာဝန်ရှိသူတစ်ဦးကမူ ဒေါ်နယ်ထရန့်အပါအဝင် ကိုယ်စားလှယ်အဖွဲ့များ အချိန်မရွေး ရောက်ရှိလာနိုင်သည့်အတွက် ယခုကဲ့သို့ လုံခြုံရေး အစီအမံများကို ပြင်ဆင်ထားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီလ ၁၁ ရက်နေ့က ပထမအကျော့ ဆွေးနွေးပွဲများ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ပြီးနောက် ယခု ဒုတိယအကျော့အတွက် မြို့တော်ကို ထပ်မံပိတ်ဆို့ထားခြင်းဖြစ်သည်။ သို့သော်လည်း ဆွေးနွေးပွဲ ကျင်းပမည့်ရက် အတိအကျကို မည်သူမျှ မသိရှိကြသေးပေ။

သတင်းထောက်များ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားပြည်သူများသည် မရေရာသော အခြေအနေများအောက်တွင် စောင့်ဆိုင်းနေကြရပြီး မြို့တော်၏ စားသောက်ဆိုင်များနှင့် ဈေးများတွင်လည်း လတ်ဆတ်သော သီးနှံများ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။

ကိုးကား-Reuters

By Htet Ko

You missed