PSM(NEWS)

ဧပြီ ၂၅၊၂၀၂၆

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အမေရိကန်၏ စစ်ဆင်ရေးများကို ထောက်ခံရန် ပျက်ကွက်ခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်နိုင်ငံများကို အရေးယူရန် ရွေးချယ်စရာနည်းလမ်းများအား ပင်တဂွန်၏ပြည်တွင်းအီးမေးလ်တစ်ခုတွင်အသေးစိတ်ဖော်ပြထားကြောင်းအမေရိကန်အရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။ ထိုအရေးယူမှုများတွင် စပိန်နိုင်ငံကို မဟာမိတ်အဖွဲ့မှ ခေတ္တရပ်ဆိုင်းခြင်းနှင့် ဗြိတိန်ပိုင် ဖောက်ကလန်ကျွန်းစုအပေါ် အမေရိကန်၏ သံတမန်ရေးရာ ထောက်ခံမှုကို ပြန်လည်သုံးသပ်ခြင်းတို့ ပါဝင်နေသည်။

အီရန်စစ်ပွဲတွင် အခြေစိုက်စခန်းနှင့် လေကြောင်းပိုင်နက် အသုံးပြုခွင့် (ABO) မပေးသော မဟာမိတ်များကို အရေးယူရန် ပင်တဂွန်က စဉ်းစားနေသည်။

စပိန်နိုင်ငံကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မှ ရပ်ဆိုင်းရန်နှင့် ဖောက်ကလန်ကျွန်းစုအပေါ် ဗြိတိန်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြန်လည်စစ်ဆေးရန် အဆိုပြုချက်များ ပါဝင်သည်။

ဥရောပနိုင်ငံများ၏ “အခွင့်အရေးရထိုက်သည်ဟူသော ခံယူချက်” ကို လျှော့ချရန်နှင့် မဟာမိတ်အဖွဲ့အတွင်း တာဝန်ယူမှုရှိစေရန် ရည်ရွယ်သည်။

သမ္မတဒေါ်နယ်ထရမ့်က မဟာမိတ်များအနေဖြင့် ၎င်းတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ပါက အမေရိကန်အနေဖြင့် အဖွဲ့မှ နုတ်ထွက်နိုင်ကြောင်း ယခင်ကပင် သတိပေးထားသည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ကင်းစလေ ဝီလ်ဆင် က “အမေရိကန်က မဟာမိတ်တွေအတွက် အရာရာလုပ်ဆောင်ပေးခဲ့ပေမဲ့ သူတို့က ကျွန်တော်တို့အတွက် ရှိမနေပေးခဲ့ဘူး” ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို ကိုးကား၍ ဆိုသည်။ အမေရိကန်သည် စပိန်ရှိ ရိုတာနှင့်မိုရွန်အခြေစိုက်စခန်းများကို အသုံးပြုခွင့်မရသည့်အပေါ် အထူးစိတ်ပျက်နေခြင်းဖြစ်သည်။

ထို့အပြင် ဗြိတိန်ဝန်ကြီးချုပ်ကီးယား စတာမာသည်လည်း အီရန်နှင့် စစ်ပွဲတွင် ပါဝင်ရန် ငြင်းဆန်ခဲ့သဖြင့် အမေရိကန်၏ ဝေဖန်မှုကို ခံနေရသည်။ အမေရိကန်သည် အာဂျင်တီးနားနှင့် အငြင်းပွားနေသော ဖောက်ကလန်ကျွန်းစုအရေးတွင် ဗြိတိန်ဘက်မှ ရပ်တည်ချက်ကို ပြောင်းလဲရန် စဉ်းစားလာခြင်းသည် ကြီးမားသော သံတမန်ရေးရာ ရိုက်ခတ်မှုဖြစ်လာနိုင်ပါသည်။

အီရန်၏ တာဝေးပစ်ဒုံးကျည်များသည် အမေရိကန်အထိ မရောက်နိုင်သော်လည်း ဥရောပကို ထိမှန်နိုင်ကြောင်း၊ ထို့ကြောင့် မဟာမိတ်များသည် ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီးယပိ ဟက်ဂ်ဆက်ကသတိပေးပြောကြားထားသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *