PSM(NEWS)

ဧပြီ ၂၄၊ ၂၀၂၆

တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် ဟက်ကာများသည် ၎င်းတို့၏ မကောင်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည့် ဆိုက်ဘာလှုပ်ရှားမှုများကို ဖုံးကွယ်ရန်အတွက် အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများကို အသုံးပြု၍ လျှို့ဝှက်ကွန်ရက်များ တည်ဆောက်လာကြကြောင်း၊ ထိုအန္တရာယ်ကို ပိုမိုကောင်းမွန်စွာ ကာကွယ်ကြရန် နိုင်ငံတကာ ဆိုက်ဘာအေဂျင်စီများက ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။

ဗြိတိန်နိုင်ငံ အမျိုးသားဆိုက်ဘာလုံခြုံရေးဌာန (NCSC) သည် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်နှင့် စပိန် အစရှိသည့် နိုင်ငံပေါင်း ၈ နိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်း ၁၅ ခုနှင့် ပူးပေါင်း၍ လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျှို့ဝှက်ကွန်ရက်များကို များသောအားဖြင့် လုံခြုံရေးအားနည်းသည့် နေအိမ်သုံး Router များနှင့် စမတ်ပစ္စည်းများ (Smart Devices) ကဲ့သို့သော အင်တာနက်ချိတ်ဆက် လူသုံးကုန်ပစ္စည်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဟက်ကာများသည် ဤပစ္စည်းများကို အသုံးချ၍ ကမ္ဘာတစ်ဝန်းရှိ အရေးကြီးကဏ္ဍများကို ပစ်မှတ်ထားခြင်း၊ ထိခိုက်လွယ်သော အချက်အလက်များကို ခိုးယူခြင်းနှင့် စနစ်များအတွင်း ရေရှည်ခိုးဝင်နေထိုင်ခြင်းတို့ကို လုပ်ဆောင်ကြသည်။

NCSC ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ပေါလ် ချီချက်စတာက “မကြာသေးမီနှစ်တွေအတွင်းမှာ တရုတ်အခြေစိုက် ဆိုက်ဘာအဖွဲ့တွေဟာ သူတို့ရဲ့ လုပ်ရပ်တွေကို တာဝန်ခံမှုကနေ ရှောင်ရှားနိုင်ဖို့ ဒီလိုကွန်ရက်တွေကို တမင်ရည်ရွယ်ပြီး ပြောင်းလဲအသုံးပြုလာတာကို တွေ့ရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Reuters ၏ တောင်းဆိုမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အပါအဝင် အေဂျင်စီများနှင့် ပူးပေါင်းထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် ထိုသို့သော တိုက်ခိုက်မှုများသည် သက်သေအထောက်အထားများ လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်သည့်အတွက် ထောက်လှမ်းရန် ခက်ခဲကြောင်းနှင့် ဟန့်တားနှိမ်နင်းရေး လုပ်ငန်းစဉ်များကို ပိုမိုရှုပ်ထွေးစေကြောင်း သတိပေးထားသည်။

ယခုသတိပေးချက်သည် NCSC ဌာနကြီးမှူး ရစ်ချက် ဟွန်း က ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်၊ အီရန်နှင့် ရုရှားကဲ့သို့သော နိုင်ငံများထံမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လာရောက်မည့် ဆိုက်ဘာတိုက်ခိုက်မှုများ မြင့်တက်လာနိုင်သည်ကို ပြင်ဆင်ထားရန် သတိပေးပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်း၏ ပြောကြားချက်အရ ၎င်းတို့ဌာနသည် တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် နိုင်ငံတော်အဆင့် အရေးကြီးသည့် ဆိုက်ဘာဖြစ်စဉ် ၄ ခုခန့်ကို ကိုင်တွယ်ဖြေရှင်းနေရပြီး၊ ထိခိုက်မှုအများဆုံး တိုက်ခိုက်မှုများသည် ရာဇဝတ်ဂိုဏ်းများထက် အစိုးရနောက်ခံပြု အဖွဲ့အစည်းများနှင့် ပိုမိုဆက်နွှယ်နေကြောင်း သိရသည်။

ထို့အပြင် ဗြိတိန်နိုင်ငံသည် ထိပ်သီး AI ကုမ္ပဏီများကိုလည်း အစိုးရနှင့် ပူးပေါင်း၍ နိုင်ငံ၏ အရေးကြီး အခြေခံအဆောက်အအုံများကို ကာကွယ်ရန်အတွက် AI အခြေပြု ဆိုက်ဘာလုံခြုံရေးစနစ်များ တည်ဆောက်ကြရန် တိုက်တွန်းထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed