မောင်မောင်ကဲ/PSM(News) မတ် ၂၅၊ ၂၀၂၆ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာတွင် စစ်ကော်မရှင်တပ်(စစ်တပ်)က ဒေသခံပြည်သူ ငါး ဦးကို ဖမ်းဆီးပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခုတ်ထစ်ခြစ်ထုတ်ခြင်း အပါအဝင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်သည် အင်ပင်ကြီးရွာရှိ အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံ ငါး ဦးကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၆ ရက်အကြာ မတ်လ ၂၄ ရက်တွင် အလောင်းများကို ပြန်လည်တွေ့ ရှိခဲ့သည်။ ပြန်လည်တွေ့ရှိချိန်တွင် ရုပ်အလောင်းအချို့မှာ အရိုးများသာ ကျန်ရှိတော့သည်အထိ ပျက်စီးနေပြီး KPG Update News က ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ သတ်ဖြတ်ခံရသူအချို့မှာ ခြေ၊လက်၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှ အသားစိုင်များကို ဓားကဲ့သို့သော ထက်မြက်သည့် အရာများ ဖြင့် ခြစ်ထုတ်လှီးဖြတ်ထားသည့် လက္ခဏာများ တွေ့ရှိရသည်။ “အချိန်ကာလ မှားယွင်းတာမျိုး မဟုတ်ပါဘူးဗျ။ အခုဖြစ်တဲ့ ပုံပဲ သုံးထားတာဗျ။ ကျွန်တော်တို့ သိရသလောက် အရိုးပဲ ကျန်တော့တဲ့သူဟာ အမျိုးသမီး ဖြစ်ပါတယ်ဗျ။ ဒီကောင်တွေ ခုတ်ထစ်ပြီးတော့ ကို သတ်ထားတာ တွေ့နိုင်ပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် KPG Update News တာဝန်ရှိသူက PSM ကို အတည်ပြုပြောကြားသည်။ စစ်ကော်မရှင်တပ်က ယခုလို သတ်ဖြတ်ထားသည့် ဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်က အရပ်သားများကိုဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်သော စစ်ရာဇဝတ် ကျူးလွန်မှုပုံစံအတိုင်းပင် ဖြစ်သည်။ ထို့ပြင် သတ်ဖြတ်ခံရသည့် အမျိုးသား လေး ဦးကို စစ်တပ်က PDF စစ်ယူနီဖောင်းများ ဝတ်ဆင်ပေးထားပြီးမှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းမှာလည်း ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို အရိုးစုအဆင့်အထိ ဖြစ်အောင် လုပ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများကမူ ယခုကဲ့သို့ “စီပါရွာပုံစံ” ရက်စက်မှုများမှာ စစ်အုပ်စု၏ လူမဆန်သော စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်နေခြင်းကို ပြသနေခြင်းဖြစ်သည်ဟု ထောက်ပြ ထားသည်။ စစ်ကော်မရှင်တပ်သည်ပြီးခဲ့သည့် ၂၀၂၄ ၊ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ စီပါရွာကို ဝင်ရောက်စီးနင်း၍ ဒေသခံ ငါး ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ထိုသို့သတ်ဖြတ်ရာတွင် ရုပ်အလောင်းများကို ခေါင်းနှင့် ခြေလက်များ တခြားစီဖြစ်အောင် ဖြတ်တောက် ခြင်း၊ အသားစများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်ခြင်း စသည့် နည်းလမ်းများဖြင့် ရက်စက်စွာ ပြုလုပ်ခဲ့ပြီး အလောင်းများကို ခြံစည်းရိုးတိုင်များတွင် ချိတ်ဆွဲထားခဲ့သည်။ ဓာတ်ပုံ-KPG Update News Post navigation မြန်မာစစ်တပ်၏ လက်နက်ပွဲစား Synpex Shwe ကွန်ရက်သည် အီရန်ဒရုန်းထုတ်လုပ်မှုကွင်းဆက်နှင့် ဆက်နွှယ်နေကြောင်း ဖော်ထုတ်ခံရ စလင်းတွင် စစ်ကော်မရှင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး