PSM(News) မတ် ၂၄၊ ၂၀၂၆ မြန်မာစစ်တပ်အတွက် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းများ တင်သွင်းပေးနေသည့် Synpex Shwe (SS) ကုမ္ပဏီကွန်ရက်သည် အီရန်ထုတ် Sayyad-107 ဒရုန်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဂျပန်ထုတ်မော်တာများကို စင်ကာပူရှိ ၎င်းတို့၏ ကုမ္ပဏီခွဲမှတစ်ဆင့် ဝယ်ယူထောက်ပံ့ပေးခဲ့ကြောင်း Conflict Armament Research (CAR) နှင့် Justice For Myanmar (JFM) တို့၏ ဖော်ထုတ်ချက်အရ သိရသည်။ CAR ၏ အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ဟောင်ကောင်သို့ တင်ပို့ခဲ့သည့် မော်တာအလုံးရေ ၃၀၀ ကျော်အနက်မှ အစိတ်အပိုင်းအချို့ကို Synpex Shwe ၏ စင်ကာပူအခြေစိုက် Synergy Tripexin Pte. Ltd. ကုမ္ပဏီက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါမော်တာများကို အီရတ်-ဆီးရီးယားနယ်စပ်တွင် ပစ်ချခံရသော အီရန်ထုတ် Sayyad-107 ဒရုန်းတစ်စင်း၌ တွေ့ရှိခဲ့ရသဖြင့် မြန်မာစစ်တပ်၏ လက်နက်ပွဲစားကွန်ရက်သည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှုကွင်းဆက်တွင် ပါဝင်နေကြောင်း ပေါ်လွင်စေခဲ့သည်။ Synpex Shwe သည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (ကပစ) နှင့် လေတပ် အတွက် လိုအပ်သော Mi-17 ရဟတ်ယာဉ် အပိုပစ္စည်းများကို ရုရှားနိုင်ငံရှိ Allwe Foreign Trade Company နှင့် Sins Avia Trading House တို့ထံမှ အကြိမ်ပေါင်းများစွာ တင်သွင်းပေးခဲ့ကြောင်း JFM က ဆိုသည်။ ထို့ပြင် တူရကီနိုင်ငံမှတစ်ဆင့် ဒရုန်းများတွင် အသုံးပြုသည့် ပန်ကာထိန်းချုပ်မှု စနစ်များ ကိုလည်း ၂၀၂၁ ခုနှစ်အတွင်း တင်သွင်းခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Synpex Shwe ကုမ္ပဏီကို ယူကေ၊ ကနေဒါနှင့် အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း ပိုင်ရှင့်နှင့် ကုမ္ပဏီတာဝန်ရှိသူများဖြစ်သည့် ဒေါ်အေးငြိမ်းဆွေ၊ လူလူချမ်းမြေ့ (ခ) ကောင်းထက်လူအေး၊ မြတ်နှင်းဖြူ၊ ဆန်းမြင့်အောင်၊ စည်သာထိန်ဝင်း၊ ဝင်းလဲ့ဖြူနှင့် ရန်လင်းနိုင် တို့ကို ပစ်မှတ်ထားအရေးယူနိုင်ခြင်း မရှိသေးပေ။ Synpex Shwe ကုမ္ပဏီသည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန်အတွက် SS Techniques Co. Ltd. မှ SS Tech Learn Co. Ltd ဟု နှစ်ကြိမ်တိုင် ပြောင်းလဲခဲ့သည့်အပြင် ထိုင်းနိုင်ငံတွင် SS Affluence Co. Ltd အမည်ဖြင့် ကုမ္ပဏီအသစ်ဖွင့်လှစ်ကာ လက်နက်ဝယ်ယူမှုများကို ဆက်လက်လုပ်ဆောင်နေ ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထောက်ပြထားသည်။ မြန်မာစစ်အုပ်စုက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်ရာတွင် အသုံးပြု နေသည့် ရဟတ်ယာဉ်နှင့် ဒရုန်းအစိတ်အပိုင်းများကို Synpex Shwe က ဝယ်ယူပေးနေခြင်းသည် ရာဇဝတ်မှုများကို အားပေးကူညီရာရောက်သဖြင့် အဆိုပါကုမ္ပဏီကွန်ရက်တစ်ခုလုံးနှင့် ဒါရိုက်တာများ ကိုပါ ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar က တောင်းဆိုထားသည်။ ဓာတ်ပုံ-JFM Post navigation မိုးကုတ်မြို့အနောက်ပိုင်း တိုက်ပွဲများပြင်းထန်နေပြီး PLA နှင့် မဟာမိတ်တပ်များက စစ်ကော်မရှင်တပ်ကို အသာစီးရယူတိုက်ခိုက် ကျောက်ပန်းတောင်းတွင် စစ်တပ်က ပြည်သူ ၅ ဦးကို အသားစိုင်များ ခြစ်ထုတ်လှီးဖြတ်၍ ရက်စက်စွာ သတ်ဖြတ်ပြီး PDF ယူနီဖောင်းများ ဝတ်ဆင်ပေးထား