PSM(NEWS)

မတ် ၂၅ ၊၂၀၂၆

ဖိလစ်ပိုင်နိုင်ငံရှိ အကျဉ်းထောင်အတွင်းမှနေ၍ တောင်ကိုရီးယားနိုင်ငံအတွင်းမူးယစ်ဆေးဝါးဖြန့်ဖြူးမှုကွန်ရက်ကို ကြိုးကိုင်နေသည်ဟု စွပ်စွဲခံထားရသည့် “မူးယစ်ရာဇာ” တစ်ဦးကို ဗုဒ္ဓဟူးနေ့တွင်ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်းတောင်ကိုရီးယားရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသား သုံးဦးကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် အနှစ် ၆၀ ကျခံနေရသူပတ်ဝမ်ယောကို ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ လီဂျေမြောင် က ဖိလစ်ပိုင်သမ္မဖာဒီနန် မားကို့စ် ဂျူနီယာထံ တောင်းဆိုခဲ့ပြီးနောက်ဗုဒ္ဓဟူးနေ့တွင်ယာယီတရားခံလွှဲပြောင်းမှုစနစ်ဖြင့် တောင်ကိုရီးယားသို့ လေကြောင်းခရီးဖြင့်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော စာချုပ်ပါ ယာယီလွှဲပြောင်းမှုဆိုင်ရာအပိုဒ်ခွဲအရသံသယရှိသူအားတောင်ကိုရီးယားတွင်စစ်ဆေးမေးမြန်းနိုင်ရန်ဖိလစ်ပိုင်၌ကျခံနေသည့်ပြစ်ဒဏ်ကိုခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

အသက်၄၇နှစ်အရွယ်ရှိပတ်သည်မူးယစ်ဆေးဝါးအမြောက်အမြားကိုခိုးယူတင်သွင်းပြီးပြည်တွင်းရှိကြံရာပါများနှင့်ပူးပေါင်းကာဖြန့်ဖြူးရောင်းချနေသည့်ဂိုဏ်းတစ်ခုကိုဦးဆောင်နေသူဖြစ်ကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ယူဆထားကြသည်။

ပတ်၏ မူးယစ်ဆေးဝါးရောင်းဝယ်မှုပမာဏနှင့် တန်ဖိုးအသေးစိတ်ကို တရားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောဆိုရန်ငြင်းဆိုထားသော်လည်း၊ ပြည်တွင်းသတင်းဌာနအချို့၏ ဖော်ပြချက်အရ ၎င်းသည် တစ်လလျှင် ကာလတန်ဖိုးဝမ်ဘီလီယံ၃၀(အမေရိကန်ဒေါ်လာ ၂၀ သန်း) ခန့်ရှိသော မက်သ်အဖက်တမင်း (အိုက်စ်)၆၀ကီလိုဂရမ်ခန့်ကိုဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒကိုတင်းတင်းကျပ်ကျပ်ချမှတ်ထားသော်လည်းတရားမဝင်မူးယစ်ဆေးသုံးစွဲမှု၊ တင်သွင်းမှုနှင့်ရောင်းဝယ်မှုများမှာတဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။

သမ္မတလီကပတ်ကိုလွှဲပြောင်းပေးအပ်ခဲ့သည့်အတွက်သမ္မတမားကို့စ်ကိုကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး“နိုင်ငံတော်ကိုထိခိုက်အောင်လုပ်သူဘယ်သူ့ကိုမဆိုကမ္ဘာ့အဆုံးအထိလိုက်လံဖမ်းဆီးသွားမှာဖြစ်တယ်” ဟု ဆိုသည်။

ပြည်ပတွင်အကျဉ်းကျနေစဉ်အတွင်းတရားမဝင်လုပ်ငန်းများလုပ်ဆောင်နိုင်ခြင်းကိုနောက်ထပ် ရာဇဝတ်ကောင်များကအတုမယူနိုင်စေရန်အတွက် ပတ်ကို တောင်ကိုရီးယားတွင်စစ်ဆေးပြီး တရားစီရင်ရန်အရေးကြီးကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ပတ်သည်ဖိလစ်ပိုင်အကျဉ်းထောင်၏အကျဉ်းသားများအပေါ်ကြီးကြပ်မှုအားနည်းချက်ကိုအခွင့်ကောင်းယူကာထောင်အတွင်းသို့မှောင်ခိုသွင်းထားသော လက်ကိုင်ဖုန်းများကို အသုံးပြု၍ တရားမဝင်လုပ်ငန်းများကိုဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊အကျဉ်းထောင်မှနှစ်ကြိမ်တိုင်တိုင်ထွက်ပြေးခဲ့ဖူးကြောင်းတရားရေးဝန်ကြီးဌာနအရာရှိလီဂျီယွန်းနှင့်ရဲအရာရှိယူဆွန်းရီယောတို့ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာ ချက်ချင်းမရရှိသေးပေ။

ကိုးကား Reuters

By Htet Ko