PSM(NEWS) မတ်၂၅၊၂၀၂၆ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ဖြစ်ပွားခဲ့သည့် ပြင်းထန်သော နယ်စပ်တိုက်ပွဲများ အပစ်အခတ်ရပ်စဲခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဒါန်းရက် တောင်တန်းပေါ်ရှိ ၅၂၅ မီတာမြင့်သော ချောက်ကမ်းပါးထက်တွင် တည်ရှိသည့် ၁၁ ရာစုလက်ရာ ပရယ်ဝိဟီယာဘုရားကျောင်းတွင်မူ တိုက်ပွဲဒဏ်ရာဒဏ်ချက်များကို ထင်ထင်ရှားရှား မြင်တွေ့နေရဆဲဖြစ်သည်။ အဆိုပါ အိမ်နီးချင်း အရှေ့တောင်အာရှ နှစ်နိုင်ငံသည် ပရယ်ဝိဟီယာဘုရားကျောင်းနှင့် ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားကာ တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် ဤရှေးဟောင်း သာသနိက အဆောက်အအုံမှာ ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အန်ကောဝတ်ဘုရားကျောင်းကို တည်ဆောက်ခဲ့သည့် ခမာအင်ပါယာကပင် တည်ဆောက်ခဲ့သော ဤဘုရားကျောင်းကို ၂၀၀၈ ခုနှစ်တွင် UNESCO က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘောဒီးယားပြည်သူများက အလွန်အရေးကြီးသော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တန်ဖိုးထားကြသည်။ သို့သော် ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော အဓိကတိုက်ပွဲ နှစ်ကြိမ်ကြောင့် ဘုရားကျောင်း၏ ဖွဲ့စည်းပုံအများစု ပျက်စီးသွားခဲ့ပြီး အချို့အစိတ်အပိုင်းများမှာ ပြိုကျပျက်စီးမည့် အန္တရာယ်ရှိနေကြောင်း ကမ္ဘောဒီးယားအရာရှိများက ပြောကြားခဲ့သည်။ ယခင်က ကမ္ဘောဒီးယားလွင်ပြင်၏ လှပသောရှုခင်းများကို ကြည့်ရှုနိုင်သည့် ဤနေရာတွင် ယခုအခါ ကျောက်ခဲအကျိုးအပဲ့များ၊ အမြောက်ကျည်ကြောင့် ဖြစ်ပေါ်လာသည့် ကျင်းများနှင့် မီးလောင်ထားသော အပင်များ၏ ပြာများကိုသာ မြင်တွေ့ရတော့သည်။ “ဘုရားကျောင်းဟာ အရင်လိုမဟုတ်တော့ဘဲ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပါပြီ။ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကြောင့် သူ့ရဲ့အလှတရားတွေဟာလည်း ဝမ်းနည်းစရာကောင်းလောက်အောင် ဖြစ်နေရပါတယ်” ဟု ပရယ်ဝိဟီယာ အမျိုးသားအာဏာပိုင်အဖွဲ့မှ ရှေးဟောင်းသုတေသနပညာရှင် ဟင်ဆီနတ်က ပြောကြားခဲ့သည်။ နံရံများ မခိုင်ခံ့ခြင်းနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များ ရှိနေနိုင်သည့် စိုးရိမ်ရမှုများကြောင့် လက်ရှိတွင် ဘုရားကျောင်းကို ခရီးသွားများဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။ အချို့နေရာများတွင် မြေမြှုပ်မိုင်းသတိပေးချက်များကိုလည်း ချိတ်ဆွဲထားရသည်။ ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဇန်နဝါရီလ ထုတ်ပြန်ချက်အရ ဘုရားကျောင်းရှိ ထင်ရှားသော မုခ်ဦးဆောင်ငါးခုစလုံး ပျက်စီးခဲ့ရပြီး သုံးခုမှာ မှတ်မိနိုင်စွမ်းပင် မရှိတော့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုက်ပွဲများတွင် နေရာပေါင်း ၁၄၂ ခု၌ ပျက်စီးမှုများရှိခဲ့ပြီး ဒီဇင်ဘာလ တိုက်ပွဲများတွင်မူ ၄၂၀ ကျော်အထိ တိုးလာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ “မေလကုန် ဒါမှမဟုတ် ဇွန်လဆန်းမှာ စတင်မယ့် မိုးရာသီကာလအတွင်းမှာ ပြိုကျလုနီးပါး ဖြစ်နေတဲ့ အဆောက်အအုံတချို့ဟာ လုံးဝပြိုကျသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်” ဟု မစ္စတာ ဆီနတ် က ဖြည့်စွက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နက်ဖိထရာကမူ ထိုင်းစစ်တပ်သည် သတင်းအချက်အလက်အမှားများကို အခြေခံကာ ကျူးကျော်မှုများပြုလုပ်ပြီး ဘုရားကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲထားသည်။ သို့သော် ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီ ကမူ ထိုင်းတပ်ဖွဲ့များသည် စစ်ရေးပစ်မှတ်များကိုသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ ပရယ်ဝိဟီယာဘုရားကျောင်း (သို့မဟုတ်) ထိုင်းတို့အခေါ် ဖရာဝိဟန်သည် ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက နယ်စပ်အငြင်းပွားမှု၏ ဗဟိုချက်ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဤဘုရားကျောင်းနှင့် ပတ်ဝန်းကျင်ဧရိယာသည် ကမ္ဘောဒီးယားနိုင်ငံပိုင်ဖြစ်ကြောင်း ဆုံးဖြတ်အတည်ပြုခဲ့ဖူးသည်။ ကိုးကား The Independent Post navigation အမေရိကန်နှင့် အီရန်ကြား ကာတာက တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေခြင်းမရှိဟုဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ ပြောကြား မူးယစ်ဂိုဏ်းချုပ်ကိုင်နေသည့် ကိုရီးယား ‘မူးယစ်ရာဇာ’ ကို တောင်ကိုရီးယားသို့ ပြန်လည်လွှဲပြောင်းပေးအပ်