PSM(NEWS)

မတ် ၂၅၊၂၀၂၆

အမေရိကန်ပြည်ထောင်စုနှင့်အီရန်နိုင်ငံတို့အကြားကာတာနိုင်ငံအနေဖြင့်တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေခြင်းမရှိသော်လည်း စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်တရားဝင်နှင့်တရားမဝင်သံတမန်ရေးရာလမ်းကြောင်းအားလုံးကိုကာတာကထောက်ခံအားပေးလျက်ရှိကြောင်းကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ဘက်ကအီရန်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနှစ်ဖက်စလုံးတွင်“အဓိကသဘောတူညီချက်များ” ရှိနေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့တွင် သတင်းထောက်များကိုပြောကြားခဲ့သော်လည်းအီရန်အစိုးရကမူမည်သည့်ဆွေးနွေးပွဲမျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။

ကာတာနိုင်ငံသည် အကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အမေရိကန်နှင့်အနီးကပ်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်လ်အန်ဆာရီက ဒိုဟာမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမေရိကန်အစိုးရနဲ့အနီးကပ်ထိတွေ့ဆက်ဆံနေပါတယ်။သူတို့ကတော့ဒေသတွင်းလုံခြုံရေးနဲ့သက်ဆိုင်တယ်လို့ယူဆတဲ့စံနှုန်းတွေအပေါ်မူတည်ပြီးစစ်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍၎င်းက“ဒါကသူတို့ရဲ့သုံးသပ်ချက်ဖြစ်ပေမဲ့ကျွန်တော်တို့ကတော့အခြေအနေတွေပြန်လည်တည်ငြိမ်လာဖို့၊အကျပ်အတည်းကနေလွတ်မြောက်မယ့်လမ်းစရှာဖို့နဲ့ကျွန်တော်တို့နိုင်ငံတွေအပေါ်တိုက်ခိုက်မှုတွေရပ်တန့်သွားဖို့အတွက်သူတို့နဲ့အလွန်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုများကိုထိခိုက်စေခဲ့သည့်အမေရိကန်အစ္စရေးနှင့်အီရန်တို့ကြား စစ်မီးကို ငြိမ်းသတ်နိုင်ရန် အီဂျစ်၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့ကလည်း ကြားဝင်စေ့စပ်ရန် ကြိုးပမ်းနေကြသည်။

“ဒေသတွင်းမှာ အရှိန်မြင့်တက်လာနေတဲ့ ပဋိပက္ခတွေကို မထိန်းချုပ်နိုင်ရင် ဒါဟာ ဒေသတွင်းနိုင်ငံတွေဆီကူးစက်ရုံတင်မကဘဲ ကျွန်တော်တို့အားလုံးကိုဝါးမြိုသွားမယ့် စစ်ပွဲကြီးဖြစ်လာလိမ့်မယ်လို့၂၀၂၃ခုနှစ်ကတည်းက ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ အဲဒီအခြေအနေကို အတိအကျ ရောက်နေပါပြီ” ဟု အယ်လ်အန်ဆာရီက ပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko