PSM(NEWS) မတ် ၂၅၊၂၀၂၆ အာဖဂန်နစ္စတန်ရှိတာလီဘန်အာဏာပိုင်များသည်တစ်နှစ်ကျော်ကြာထိန်းသိမ်းထားသည့် အမေရိကန်ပညာရှင် ဒန်းနစ်ကွိုင် ကိုအင်္ဂါနေ့တွင်ပြန်လည်လွှတ်ပေးခဲ့သည်။ အစ္စလာမ်ဘာသာဝင်တို့၏ ဝါတွင်းကာလ ရာမာဒန်လအကုန်အိဒ်ဒူဖီတာအထိမ်းအမှတ်အဖြစ်ယခုကဲ့သို့လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အမေရိကန်ပညာရှင်သည်၎င်း၏မိသားစုဝင်များ၏မေတ္တာရပ်ခံချက်နှင့်အာဖဂန်နစ္စတန်တရားလွှတ်တော်ချုပ်က“ယခင်ကျခံခဲ့ရသည့်ထောင်ဒဏ်မှာလုံလောက်မှုရှိသည်” ဟုသုံးသပ်ခဲ့ပြီးနောက်မြို့တော်ကဘူးလ်တွင်ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ဒန်းနစ်ကွိုင်သည်၂၀၂၅ခုနှစ်၊ဇန်နဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအားအာဖဂန်အာဏာပိုင်များကဥပဒေချိုးဖောက်မှုဖြင့်စွပ်စွဲခဲ့သော်လည်းမည်သည့်ဥပဒေကို ချိုးဖောက်ခဲ့သည်ဆိုခြင်းအား တိတိပပထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကယခုလွတ်မြောက်မှုကိုကြိုဆိုခဲ့သည်။ “သမ္မတဒေါ်နယ်ထရန့်ဟာပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်းခံနေရတာတွေကိုအဆုံးသတ်ဖို့ကတိကဝတ်ပြုထားပါတယ်။ဒန်းနစ်ဟာသမ္မတရဲ့ဒုတိယသက်တမ်း၁၅လအတွင်းလွတ်မြောက်လာတဲ့အမေရိကန်နိုင်ငံသား၁၀၀ကျော်ထဲကတစ်ဦးဖြစ်ပါတယ်”ဟုမာကိုရူဘီယိုကထည့်သွင်းပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအာဖဂန်နစ္စတန်နိုင်ငံကို “ဓားစာခံသံတမန်ရေးရာ (Hostage Diplomacy)”ကျင့်သုံးပြီးအမေရိကန်နိုင်ငံသားများကိုမတရားဖမ်းဆီးသည့်နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ အာဖဂန်နစ္စတန်သည် အီရန်နိုင်ငံကဲ့သို့ပင်နိုင်ငံရေးအရအလျှော့အတင်းပြုလုပ်နိုင်ရန်အမေရိကန်နိုင်ငံသားများကိုဖမ်းဆီးထားသည့်နိုင်ငံအဖြစ်အမေရိကန်၏ စာရင်းသွင်းခြင်းကို ခံခဲ့ရသည်။ သို့သော်အာဖဂန်အာဏာပိုင်များကမူယင်းစွပ်စွဲချက်များကိုပယ်ချခဲ့ပြီးနိုင်ငံခြားသားများကိုဖမ်းဆီးခြင်းမှာဥပဒေချိုးဖောက်၍သာဖြစ်ကြောင်း၊အပေးအယူလုပ်ရန်မဟုတ်ကြောင်းတုံ့ပြန်ခဲ့သည်။လက်ရှိတွင်အာဖဂန်နစ္စတန်၌ အခြားအမေရိကန်နိုင်ငံသား အနည်းဆုံးတစ်ဦးထပ်မံထိန်းသိမ်းခံထားရသည်ဟုယူဆရသည်။အာဖဂန်အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မာမွတ်ဟာဘီဘီ သည်၂၀၂၂ခုနှစ်တွင်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ တာလီဘန်တပ်ဖွဲ့များက ၎င်းကို ဖမ်းဆီးထားကြောင်းပြည်ထောင်စု၏စုံစမ်းစစ်ဆေးရေးဗျူရို(FBI) နှင့် မိသားစုက ယုံကြည်နေသော်လည်းအာဖဂန်အာဏာပိုင်များက ငြင်းဆိုထားသည်။ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးအာမီခန်မူတာကီက၎င်းတို့နိုင်ငံအနေဖြင့်နိုင်ငံရေးရည်မှန်းချက်အတွက် မည်သည့်နိုင်ငံသားကိုမျှ ဖမ်းဆီးထားခြင်းမရှိကြောင်းပြောကြားခဲ့သည်။ယခုလွတ်မြောက်မှုအတွက်ကြားဝင်စေ့စပ်ပေးခဲ့သည့်အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နှင့်ကာတာနိုင်ငံတို့ကိုလည်းအမေရိကန်နှင့်အာဖဂန်နှစ်ဖက်စလုံးက ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ကြသည်။ ကိုးကား AP Post navigation ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် လူငါးဦး သေဆုံးပြီး မော်လ်ဒိုဗာ၏ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက် အမေရိကန်နှင့် အီရန်ကြား ကာတာက တိုက်ရိုက်ကြားဝင်စေ့စပ်ပေးနေခြင်းမရှိဟုဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ ပြောကြား