မောင်မောင်ကဲ/PSM (News)

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲရလဒ်များကို အခြေခံကာ လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူရန်ကြေညာပြီးနောက် ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ် တင်မြှောက်ကာ အစိုးရသစ်တစ်ရပ်ကို အမြန်ဆုံး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတည်ပြုပြောဆိုသည်။

ဒုစစ်ခေါင်းဆောင်က ရှမ်းပြည်နယ်၊ နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်များသို့ သွားရောက်၍ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် တတိယအကြိမ် ပြည်သူ့လွှတ်တော်ကို မတ်လ ၁၆ ရက်နှင့် အမျိုးသား လွှတ်တော်ကို မတ်လ ၁၈ ရက်တို့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတ တင်မြှောက်ကာ နိုင်ငံတော်တာဝန်များကို အစိုးရသစ်ထံ လွှဲပြောင်းပေးမည်ဟု ဆိုသည်။

အာဆီယံ၊ ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် နိုင်ငံတကာမိသားစုစုက ယင်းရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း ပြတ်သားစွာ ငြင်းပယ်ထားသော်လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ၎င်းတို့၏ ရွေးကောက်ပွဲတွင် မဲပေးသူ ၁၃ သန်းကျော်ရှိပြီး နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ များရှေ့တွင် ကျင်းပခဲ့သည်ဟု ဝါဒဖြန့်ပြောဆိုခဲ့သည်။

စစ်အုပ်စုသည် နိုင်ငံတကာဖိအားများကို လျှော့ချရန်နှင့် အာဏာကို တရားဝင်မှုဖြင့် ရယူထားကြောင်း လိမ် ညာနိုင်ရန်အတွက် လွှတ်တော်ခေါ်ယူခြင်းနှင့် အစိုးရဖွဲ့ခြင်းလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ကာ ပြည်သူ့ဆန္ဒပါဝင်ခြင်းမရှိသည့် “စစ်တပ်ဦးဆောင်သော အရပ်သားအရေခြုံအစိုးရ” ကို ဖန်တီးနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

#ဧပြီလဆန်း

#သမ္မတတင်မြှောက်

#သမ္မတတင်မြှောက်

#ဒုစစ်ခေါင်းဆောင်စိုးဝင်း

#PSM_News

By Htet Ko