PSM (News) ဇူလိုင် ၂၄၊ ၂၀၂၆ ကြာသပတေးနေ့ (ဇူလိုင် ၂၃) မိုးလင်းခါနီးအချိန်က ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းလက်လီရောင်းချရေး ကုမ္ပဏီတစ်ခုဖြစ်သော Wildberries ၏ ဂိုဒေါင်တစ်ခုတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ရသည်။ ဤတိုက်ခိုက်မှုသည် ရုရှားနိုင်ငံ၏ လူသုံးကုန်စီးပွားရေးဗဟိုချက်မကို ပစ်မှတ်ထားကာ ယူကရိန်း အစိုးရ ကျယ်ပြန့်စွာ လုပ်ဆောင်နေသည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ ရုရှားစစ်တပ်ကို ထောက်ပံ့ပေးနေသည့် အခြေခံအဆောက်အအုံများဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ယူကရိန်း တပ်ဖွဲ့များသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းမှစတင်ကာ အဆိုပါကုမ္ပဏီပိုင် ဂိုဒေါင်လေးခုကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း Wildberries အနေဖြင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိကြောင်း ကရင်မလင်နန်းတော်က ငြင်းဆိုထားသည်။ ရုရှားနိုင်ငံဘက်ကလည်း ယူကရိန်း၏ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာများကိုသာမက စွမ်းအင်စနစ်နှင့် လျှပ်စစ်မီးကွန်ရက်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ ရုရှား၏ Kommersant နေ့စဉ်သတင်းစာမှ အချက်အလက်များအရ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် Wildberries ၏ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်၏ ၁၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ၎င်းပျက်စီးမှုပမာဏသည် စတုရန်းမီတာ ၅၅၂,၀၀၀ (စတုရန်းပေ ၅.၉ သန်း) ရှိသည့် ဂိုဒေါင်နေရာများနှင့် ညီမျှသည်။ အရွယ်အစားငယ်သော အခြားပြိုင်ဘက်များနှင့်အတူ Wildberries နှင့် ထိပ်တန်းပြိုင်ဘက် Ozon ကုမ္ပဏီတို့သည် ရုရှားနိုင်ငံ၏ GDP တန်ဖိုး၏ ၈.၅ ရာခိုင်နှုန်းနှင့် ညီမျှသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရောင်းချပေးနေပြီး လူဦးရေ ၄ သန်း သို့မဟုတ် နိုင်ငံ၏ လုပ်အားအင်အားစု၏ ၅ ရာခိုင်နှုန်းကျော်ကို အလုပ်အကိုင် ဖန်တီးပေးထားသည်။ ကရင်မလင်နန်းတော်အတွက်မူ စားသုံးသူ့စီးပွားရေး ဆက်လက်တိုးချဲ့လာခြင်းသည် စစ်ပွဲကိုသာ အဓိကထားနေပြီး တုံ့ဆိုင်းနေသော ရုရှား၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဓိကသော့ချက် ဖြစ်လာနေသည်။ ကြာသပတေးနေ့က ရုရှားနိုင်ငံ ဗိုရိုနက်ချ် ဒေသ အာဏာပိုင်များ၏ ပြောကြားချက်အရ မိုးလင်းခါနီး တိုက်ခိုက်မှုတစ်ခုကြောင့် အွန်လိုင်းစျေးကွက်ပိုင် ဂိုဒေါင်တစ်ခု၏ အမိုးပျက်စီးခဲ့ရပြီး အသက် ၃ နှစ်အရွယ် ယောက်ျားလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဗိုရိုနက်ချ် ရှိ Wildberries အဖွဲ့ကမူ ၎င်းတို့၏ Telegram တွင် ဂိုဒေါင်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားမှုကို သန်းခေါင်ယံ ၁၂ နာရီမှ မနက် ၇ နာရီအထိ တိုးမြှင့်လိုက်ကြောင်း ပထမဆုံး ရေးသားခဲ့ပြီး၊ နာရီပိုင်းအကြာတွင် ဂိုဒေါင်ကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။ ကိုးကား -Reuters Post navigation အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ အစိုးရချင်း စာချုပ်ချုပ်ဆိုပြီး အရပ်ဘက် နျူကလီးယား စွမ်းအင် သဘောတူညီချက် ရရှိ