PSM (News) ဇူလိုင် ၂၄၊၂၀၂၆ အမေရိကန်အစိုးရသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤသဘောတူညီချက်အရ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုများအတွက် လိုအပ်သော ကိုယ်ပိုင်နျူကလီးယားလောင်စာများကို ကိုယ်တိုင်ထုတ်လုပ် (သန့်စင်) နိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ် ရိုက် နှင့် ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင် ဆာလမန် တို့သည် အရပ်ဘက်နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် နျုကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ ဤသဘောတူညီချက်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့်နျူကလီးယားစွမ်းအင်ကို အသုံးပြုရာတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နျူကလီးယားလုံခြုံရေး၊ ဘေးကင်းရေးနှင့် လက်နက်ပြန့်ပွားမှု တားဆီးရေးဆိုင်ရာ အမြင့်ဆုံးနိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် ရည်ရွယ်သည်။ ဆော်ဒီအာရေဗျနိုင်ငံအားနျူကလီးယားလောင်စာ သန့်စင်ရေးအစီအစဉ်ကို လုပ်ဆောင်ခွင့်ပြုလိုက်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသအတွင်း နျူကလီးယားလက်နက် အပြိုင်အဆိုင် တည်ဆောက်ကြမည့်အရေးကို ရေရှည်စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ အိမ်ရှေ့စံ မိုဟာမက် ဘင်ဆာလမန် ကလည်း အီရန်နိုင်ငံသာ နျုကလီးယားလက်နက် ထုတ်လုပ်လာခဲ့မည်ဆိုပါက နောင်အနာဂတ်တွင် နျူကလီးယားလက်နက်များ တည်ဆောက်ရန် ဖြစ်နိုင်ခြေရှိသည်ဟု ထုတ်ဖော်ပြောကြားထားဖူးသည်။ အမေရိကန်နျူကလီးယားစွမ်းအင်အက်ဥပဒေအရ ဤနျူကလီးယားသဘောတူညီချက်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြန်လည်သုံးသပ်ရမည်ဖြစ်သော်လည်း လက်တွေ့တွင် လွှတ်တော်၏ သုံးသပ်မှုကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေသည်။ ကိုးကား-The New York Times Post navigation အာဆီယံအစည်းအဝေးများသို့ မြန်မာခေါင်းဆောင်များ ပြန်လည်ပါဝင်လာရန်မှာ “အလှမ်းဝေးဆဲ” ဖြစ်ကြောင်း အထူးကိုယ်စားလှယ် ပြောကြား ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ အွန်လိုင်းလက်လီဆိုင်ကြီး Wildberries ဂိုဒေါင်တစ်ခု ထပ်မံပိတ်သိမ်းရ