PSM(NEWS)

မတ် ၂၄ ၊ ၂၀၂၆

ဟာဝိုင်ယီကျွန်းစုတွင် သည်းထန်စွာ မိုးရွာသွန်းမှုကြောင့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီးနောက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ လူပေါင်း ၂,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်သည်။

လွန်ခဲ့သည့် တစ်ပတ်က ဆောင်းရာသီမုန်တိုင်းကြောင့် မြေသားများ ရေဝပ်နေချိန်တွင် ထပ်မံရွာသွန်းသည့် မိုးကြောင့် ရေကြီးမှု ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်သည်။ အဟုန်ပြင်းစွာ စီးဆင်းလာသော ရေစီးကြောင်းများကြောင့် လူနေအိမ်များနှင့် မော်တော်ယာဉ်များ မျောပါခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိနိုင်ကြောင်း ခန့်မှန်းရသည်။ မုန်တိုင်းကြောင့် ဟိုနိုလူလူ (Honolulu) မြောက်ဘက်ရှိ လူပေါင်း ၅,၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ရသော်လည်း နောက်ပိုင်းတွင်ပြန်လည်ရုပ်သိမ်းခဲ့သည်။ရေကြီးမှုအတွင်းပိတ်မိနေသူ၂၀၀ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပြီးလက်ရှိအချိန်ထိသေဆုံးသူမရှိသေးကြောင်းအိုအာဟူးအရေးပေါ်စီမံခန့်ခွဲမှုဌာနပြောရေးဆိုခွင့်ရှိသူမော်လီပီးယပ်စ်ကတနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အိုအာဟူးမြောက်ဘက်ကမ်းခြေရှိ ဝိုင်အာလူအာဒေသတွင် လူပေါင်း ၁,၂၀၀ခန့်ကိုလျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း Hawaiian Electric ကုမ္ပဏီက ပြောသည်။သောကြာနေ့ကရေကြီးမှုကြောင့်ကြိုတင်ကာကွယ်သည့်အနေဖြင့်လျှပ်စစ်မီးများကိုဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်တာဝန်ရှိသူများကပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးကာ ပြုပြင်မှုများ ဆောင်ရွက်နေပြီး တနင်္ဂနွေနေ့နှောင်းပိုင်းတွင်နောက်ထပ် လူပေါင်း ၂,၀၀၀ ခန့်ကို လျှပ်စစ်မီးပြန်လည်ရရှိရန်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။မော်ဝီခရိုင်တွင်လူ၁၀၀ခန့်လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်သော်လည်းဟာဝိုင်ယီကျွန်းကြီးပေါ်ရှိအဓိကလျှပ်စစ်မီးပြတ်တောက်မှုများကိုမူဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။

မုန်တိုင်း၏အဆိုးရွားဆုံးအခြေအနေမှာကျော်လွန်သွားပြီဖြစ်ကြောင်း မိုးလေဝသပညာရှင် မဿဲ ဖော့စတာကပြောကြားခဲ့သည်။တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင်မိုးရွာသွန်းမှု အခြေအနေ လျော့ပါးလာပြီး ဗုဒ္ဓဟူးနေ့တွင်မတ်လ၏ပုံမှန်ရာသီဥတုအတိုင်းပြန်လည်ခြောက်သွေ့လာမည်ဟု ခန့်မှန်းရသည်။

မိုကူလီအီယာ မှ တာတဲလ်ဘေး အထိမြောက်ဘက်ကမ်းခြေဒေသများတွင်မူ သောက်သုံးရေကို ကျိုချက်သောက်သုံးရန်ညွှန်ကြားချက်ကိုဆက်လက်ထုတ်ပြန်ထားဆဲဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ် ဂရင်း ၏ အဆိုအရ လေဆိပ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ၊ နေအိမ်များနှင့် ဆေးရုံများ ပျက်စီးခဲ့သဖြင့် စုစုပေါင်းဆုံးရှုံးမှုမှာ ဒေါ်လာ ၁ ဘီလီယံထက် မနည်းနိုင်ကြောင်း သိရသည်။ နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဝါဟီယာဝါ ဆည် ကျိုးပေါက်မည်ကို စိုးရိမ်ခဲ့ရသော်လည်း လက်ရှိတွင် ရေမျက်နှာပြင် ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှုမှာ “Kona lows” ဟုခေါ်သော ဆောင်းရာသီမုန်တိုင်းစနစ်ကြောင့် ဖြစ်ကြောင်း၊ လူသားတို့ကြောင့်ဖြစ်သော ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဟာဝိုင်ယီတွင် မိုးရွာသွန်းမှု အရှိန်အဟုန်နှင့် အကြိမ်ရေ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားကြသည်။

ကိုးကား AP

By Htet Ko