PSM(NEWS)

မတ် ၂၄ ၊၂၀၂၆

လန်ဒန်မြို့ မြောက်ပိုင်းတွင် တနင်္လာနေ့က ဂျူးလူမျိုးစုပိုင် လူနာတင်ယာဉ် လေးစီး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်းဖြစ်ရပ်ကို “အလွန်တုန်လှုပ်ဖွယ်ကောင်းသောဂျူးဆန့်ကျင်ရေး မီးရှို့တိုက်ခိုက်မှု” ဟု ခေါ်ဆိုရှုတ်ချလိုက်သည်။

လန်ဒန် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၆ စီးနှင့် မီးသတ်သမား ၄၀ ဦးတို့က မီးငြှိမ်းသတ်ခဲ့ရသည်။ ယာဉ်များပေါ်ရှိ ဂတ်စ်အိုးများ ပေါက်ကွဲမှုကြောင့် အနီးနားရှိ ပြတင်းပေါက်မှန်များပါ ကွဲအက်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မည်သူ့ကိုမျှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ဂိုးလ်ဒါးစ်ဂရင်းရှိဂျူးဝတ်ကျောင်းတော်အနီးတွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကို အီရန်နှင့် ဆက်နွှယ်နေသည့် “Islamic Movement of the People of the Right Hand” အမည်ရှိ လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်ဟု SITE ထောက်လှမ်းရေး ဝက်ဘ်ဆိုက်က ဖော်ပြသည်။ ဤအဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ လီယေ့ချ်မြို့နှင့် နယ်သာလန်နိုင်ငံ ရော့တာဒမ်နှင့် အမ်စတာဒမ်မြို့တို့တွင် ဖြစ်ပွားခဲ့သော မီးရှို့မှုများ၏ နောက်ကွယ်တွင်လည်း ရှိနေကြောင်း ဆိုသည်။

လန်ဒန်မြို့ရှိ အစ္စရေးသံရုံးက ဤဖြစ်ရပ်သည် နှစ်ရှည်လများ ဖြစ်ပွားနေသည့်ပါလက်စတိုင်းထောက်ခံပွဲများမှတစ်ဆင့် ပျံ့နှံ့လာသော မုန်းတီးမှုနှင့် ခြိမ်းခြောက်မှုများ၏ အကျိုးဆက်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ “အခုတော့ တော်လောက်ပါပြီ” ဟု သံရုံးက X (ယခင် Twitter) တွင် ရေးသားခဲ့ပြီး၊ဆိတ်ဆိတ်နေခြင်းနှင့် အရေးမယူခြင်းတို့သည် နောက်နောင် ရွေးချယ်စရာ မဟုတ်တော့ကြောင်း၊ အခြေအနေများ ပိုမိုဆိုးရွားမလာမီ ပြတ်သားစွာ အရေးယူရန် တောင်းဆိုခဲ့သည်။

ရဲတပ်ဖွဲ့က ဤဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ် မသတ်မှတ်သေးသော်လည်း  အမုန်းပွားရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဟတ်ဇိုလာစေတနာ့ဝန်ထမ်းအဖွဲ့မီးလောင်ခဲ့သောလူနာတင်ယာဉ်များသည် ဗြိတိန်ကျန်းမာရေးဌာန (NHS)နှင့်ပူးပေါင်းလုပ်ဆောင်နေသည့် ‘ဟတ်ဇိုလာ’ အမည်ရှိ အကျိုးအမြတ်မယူသော စေတနာ့ဝန်ထမ်းအဖွဲ့ပိုင် ယာဉ်များဖြစ်သည်။ ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်း က အစိုးရအနေဖြင့် ပျက်စီးသွားသော လူနာတင်ယာဉ်များကို အသစ်အစားထိုးပေးမည်ဟု ကတိပြုခဲ့သည်။

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း  ကလည်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အဆိုပါဒေသတွင် လုံခြုံရေးတိုးမြှင့် ကင်းလှည့်သွားမည်ဟု ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ဟားမတ်စ်တို့၏ အစ္စရေးတိုက်ခိုက်မှုနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် ဂျူးလူမျိုးများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ ဗြိတိန်တွင်လည်း အလားတူ အမုန်းပွားမှု ရာဇဝတ်မှုများ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း Community Security Trust က အစီရင်ခံထားသည်။

ကိုးကား Reuters

By Htet Ko