PSM(NEWS)မတ်၂၃ ၊ ၂၀၂၆ အမေရိကန်နှင့် အီရန်တို့အကြား စွမ်းအင်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ရန် ရှိနေကြောင်း သုံးသပ်သူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့က ရေနံဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြင့် ဈေးပိတ်ခဲ့ပြီးဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် သည် ဟော်မုဇ်ရေလက်ကြားကို ၄၈နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “အပြီးတိုင်ချေမှုန်းပစ်မည်”ဟု စနေနေ့ကခြိမ်းခြောက်ခဲ့သည်။ ယင်းသည် စစ်ပွဲကိုလျှော့ချမည်ဟု ပြောဆိုပြီး တစ်ရက်အကြာတွင် ပေါ်ပေါက်လာသည့် သိသာထင်ရှားသော စစ်ရေးတင်းမာမှု မြင့်တက်လာခြင်း ဖြစ်သည်။ ရေနံဈေးနှုန်း: သောကြာနေ့က ဘရန့်ရေနံအနာဂတ်ဈေးနှုန်းသည် ၃.၂၆ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၁၂.၁၉ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ ယင်းသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ IG Group ဈေးကွက် သုံးသပ်သူ တိုနီ ဆိုင်ကာမိုးရ်က သမ္မတ ထရန့်၏ ခြိမ်းခြောက်မှုသည် ဈေးကွက်အတွင်း ၄၈နာရီအတွင်း ပေါက်ကွဲနိုင်သည့် “အချိန်ကိုက်ဗုံး” တစ်လုံးကို ချထားလိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ ထောက်ပံ့မှု ပြတ်တောက်ခြင်းစစ်ပွဲကာလ ၂၂ ရက်အတွင်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု စည်ပေါင်း ၄၄၀ သန်းခန့် ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အီရန်သည် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ယူအေအီး နှင့် ကာတာနိုင်ငံတို့ရှိ ဆိပ်ကမ်းများနှင့် ရေနံချက်စက်ရုံများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ သို့သော် သန်းပေါင်းများစွာသော ပြည်သူများအတွက် အရေးပါသည့် ပင်လယ်ရေချိုထုတ်စက်ရုံ ကိုမူ ယခုအချိန်အထိ တိုက်ခိုက်ခြင်း မရှိသေးပေ။ အဆိုပါစက်ရုံများ ပျက်စီးသွားပါက ပင်လယ်ကွေ့ဒေသရှိ မြို့အချို့တွင် လူနေထိုင်၍မရတော့ဘဲ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အတ္တလန္တိတ်ကောင်စီ (Atlantic Council) က သတိပေးထားသည်။ နောက်ဆက်တွဲ အခြေအနေများအနေဖြင့် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ၏ အကြီးအကဲ ဖာတစ် ဘီရောလ် က အရှေ့အလယ်ပိုင်းဒေသမှ ရေနံထောက်ပံ့မှုများ ပုံမှန်ပြန်ဖြစ်ရန် ၆ လခန့်အထိ ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်တွင်လည်း ဒေါ်နယ် ထရန့် အစိုးရသည် အီရန်၏ ခါ့ခ်ကျွန်းကို သိမ်းပိုက်ရန် သို့မဟုတ် ပိတ်ဆို့ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ကိုးကား Reuters Post navigation စွမ်းအင်နှင့် ရေချိုထုတ်လုပ်မှု အဆောက်အအုံများကို တိုက်ခိုက်မည်ဟု ဒေါ်နယ် ထရန့်နှင့် အီရန်တို့ ခြိမ်းခြောက်၊ ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင် ဟာဝိုင်ယီကျွန်းတွင် နှစ်ပေါင်း ၂၀အတွင်းအဆိုးရွားဆုံးရေကြီးမှုဖြစ်ပွား