PSM(News) မတ် ၂၄၊ ၂၀၂၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ အထိုင်စခန်းများကို ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက လပေါင်းများစွာကြာ ပူးပေါင်း တိုက်ခိုက်လျက်ရှိရာ စစ်ကော်မရှင်ဘက်မှ အထိနာနေကြောင်း PLA ထံမှ သိရသည်။ လက်ရှိတွင် မိုးကုတ်မြို့ရှိ ကျောက်နဂါး၊ ကျောက်ပုတ်နှင့် ကုလားကုန်းဒေသများ၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်နေပြီး မတ်လ တတိယပတ်အထိ တော်လှန်ရေးတပ်ဖွဲ့များဘက်က စစ်ရေးအရ အသာစီးရနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ “စစ်တပ်ဘက်က တိုက်စစ် မြှင့်လာပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အသင့်စောင့်ကြိုပြီး တန်ပြန်တိုက်စစ်ဆင်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ စစ်ကော်မရှင်သည် ၎င်းတို့၏ အဓိကတိုက်ခိုက်ရေးတပ်များဖြစ်သော တပ်မ (၅၅) နှင့် တပ်မ (၃၃) တို့ကို အသုံးပြုကာ စစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက အရှိန်မြှင့် တန်ပြန်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ မိုးကုတ်မြို့အနောက်ပိုင်းရှိ စခန်းကြီး၊ ကျောက်ဆင်၊ ဘော်မားနှင့် ကျောက်နဂါးဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း PLA တပ်ရင်း (၂၂၂)၊ (၃၃၃) တို့နှင့်အတူ PDF တပ်ရင်း (၅၁၃)၊ Red Wolves of Mogok၊ မိုးကုတ်ဗျူဟာ၊ Ruby Land PDF (Tri) ဗျူဟာရင်း (၄)၊ မိုးကုတ်မြို့နယ် ပကဖနှင့် စစ်ကိုင်း PDF တပ်ဖွဲ့တို့က ဟန်ချက်ညီညီ ပူးပေါင်းတိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ဓာတ်ပုံ-PLA Post navigation ကျောက်ကြီးတွင် ၃ လအတွင်း စစ်ကော်မရှင်တပ်စခန်း ၂ ခုကို KNU သိမ်းပိုက်၊ စစ်မှုထမ်းရန် ဖမ်းဆီးခံရသူ ၄၁ ဦး အလင်းဝင် မြန်မာစစ်တပ်၏ လက်နက်ပွဲစား Synpex Shwe ကွန်ရက်သည် အီရန်ဒရုန်းထုတ်လုပ်မှုကွင်းဆက်နှင့် ဆက်နွှယ်နေကြောင်း ဖော်ထုတ်ခံရ