PSM(News)
မတ် ၂၄၊ ၂၀၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်(လယ်ဒို)တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ ၃ လတာကာလ အတွင်း စစ်ကော်မရှင်၏ တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး ခံထားရသူ ၄၁ ဦး အလင်းဝင်ရောက်လာကြောင်းကရင်အမျိုးသားအစည်း (KNU) က ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် လယ်ဒိုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်လက်နက်ပစ္စည်း အမြောက်အမြားကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်က ပြည်သူ့သဘောထားမပါဘဲ အတည်ပြုထားသည့် စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးကာ စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်းခံရသူ ၄၁ ဦးသည်လည်း KNU-လယ်ဒိုမြို့နယ်သို့ အလင်းဝင်ရောက်လာခဲ့သည်။

ထိုသို့ အလင်းရောက်လာသည့် စစ်မှုထမ်းတပ်သားသစ် ၄၁ ဦးကို KNU ၏ စစ်သုံ့ပန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်များသည် တစ်ဖက်တွင်လည်း လယ်ဒိုမြို့နယ်အတွင်းသို့ မြေပြင်နှင့် လေကြောင်းများ မှတစ်ဆင့် တိုက်ခိုက်မှုများပြုလုပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန် လျက်ရှိ သည်။

စစ်ကော်မရှင်၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ၃ လတာအတွင်း အပြစ်မဲ့ပြည်သူ ၃၈ ဦး သေဆုံးကာ ၃၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃ ရွာမှ အိမ်ခြေ ၁,၂၂၇ လုံး ပျက်စီးခဲ့ရပြီး ပြည်သူ ၅,၈၇၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်နေကြရသည်။

လက်ရှိတွင် KNU တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျေးရွာခေါင်းဆောင်များ ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU အနေဖြင့် နိုင်ငံအကျိုးဖျက်ဆီးနေသည့် စစ်ကော်မရှင်၏ လူသားမဆန်သော လုပ်ရပ်များကို အဆုံးတိုင် ဆန့်ကျင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်း ပါဝင် ကြရန် KNU က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-KNU

By Htet Ko