ဓာတ်ပုံ- အညာမြေတပ်ပေါင်းစု

PSM(Nws)
မတ် ၂၃၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းပတ်ထွက်လာသော ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး သုံး ဦး သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်း စုထံမှ သိရသည်။

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ အင်အား ၂၀ ခန့်ဖြင့် ကင်းပတ်ထွက်လာသော စစ်ကြောင်းကို ယမန်နေ့ မတ် ၂၂ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

၁ နာရီခန့် ကြာမြင့်သည့် အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ကန်နီရွာမှ ပျူစောထီး သုံး ဦး သေဆုံးကာ နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကန်နီကျေးရွာသည် ပျူစောထီးအင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး အနီးနားရှိ ကျေးရွာ များမှ ဆိတ်ကျောင်း၊ နွားကျောင်းသည့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ အမြဲမပြတ် ကျူးလွန်လေ့ရှိကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်းရှိ ဝက်ပုတ်၊ သရက်ကွ၊ ကိုင်းတောမ နယ်မြေရဲစခန်းများနှင့် Well 2 ရေနံမြေ ရဲစခန်းတို့ကို ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိတွင် ကန်နီ၊ သရက်ကန်နှင့် တွင်းမ ပျူစောထီးရွာ ၃ ရွာသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ယခုစစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ဦးဆောင်၍ ပခုက္ကူခရိုင် အမှတ် (၂)၊ (၇) တပ်ရင်းများနှင့် အညာမြေတပ်ပေါင်းစု (Drone Team) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

By Htet Ko

You missed