PSM(NEWS)

မတ် ၂၄၊၂၀၂၆ 

တရုတ်နိုင်ငံ၏ ပြည်သူပိုင် ရေနံချက်စက်ရုံဖြစ်သော Sinopec သည် အီရန်ရေနံကို ဝယ်ယူရန် ရည်ရွယ်ချက်မရှိကြောင်း၊ သို့သော် နိုင်ငံတော်အရန်ဆီများကို ထုတ်သုံးခွင့်ရရန် ဖိအားပေးလျက်ရှိကြောင်း အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုက အီရန်ရေနံအချို့ ဝယ်ယူသူများအပေါ် ပိတ်ဆို့မှုများ ဖြေလျှော့ပေးကြောင်း ကြေညာပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံဖြစ်သော Sinopec သည် ၎င်း၏ရေနံလိုအပ်ချက် ထက်ဝက်ခန့်ကို အရှေ့အလယ်ပိုင်းဒေသမှ ရရှိနေခြင်းဖြစ်ပြီး အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့လုနီးပါး ဖြစ်လာသည့်အတွက် အထူးထိခိုက်မှု ရှိနေသည်။

Sinopec ဥက္ကဋ္ဌ ကျောက်တုန် က ရလဒ်များရှင်းလင်းပွဲတွင် ပြောကြားရာ၌ ယခုလအတွင်း ရေနံချက်လုပ်မှုနှုန်းကို ၅ ရာခိုင်နှုန်း လျှော့ချထားကြောင်း သိရသည်။ ဧပြီလနှင့် မေလအတွက်မူ ရေနံချက်လုပ်မှုအစီအစဉ်များကို လိုအပ်သလို ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး ပြည်တွင်းရေနံလိုအပ်ချက် ပြည့်မီစေရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ကျောက်တုန် က Sinopec သည် ဆော်ဒီအာရေဗျနိုင်ငံ၏ Yanbu ဆိပ်ကမ်းမှ ရေနံများကို ဝယ်ယူနေကြောင်း၊ ပြိုင်ဘက်များထက် Yanbu မှ ရေနံကို ပိုမိုရရှိနေပြီး အရှေ့အလယ်ပိုင်း ပြင်ပမှလည်း ရင်းမြစ်များကို ရှာဖွေနေကြောင်း ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းကို သက်သာစေရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က သောကြာနေ့တွင် ပင်လယ်ပြင်၌ ရှိနှင့်ပြီးသော အီရန်ရေနံများအတွက် ရက်ပေါင်း ၃၀ ပိတ်ဆို့မှု ဖြေလျှော့ပေးခဲ့ပြီး ရေနံစည်ပေါင်း ၁၄၀ သန်းခန့်ကို ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိစေရန် မျှော်လင့်ထားသည်။

သို့သော် အီရန်အပေါ် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများ ဆက်လက်ရှိနေခြင်းကြောင့် ပေးချေမှုနည်းလမ်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိနေပြီး အဆိုပါရေနံအများစုမှာ သက်တမ်းရင့် ရေနံတင်သင်္ဘောများပေါ်တွင် ရှိနေသည့်အတွက် ဝယ်ယူရန် ရှုပ်ထွေးလျက်ရှိသည်။

“ကျွန်တော်တို့ အီရန်ရေနံကို ဝယ်မှာ မဟုတ်ပါဘူး၊ ဒါက တော်တော်လေး ရှင်းပါတယ်” ဟု ကျောက်တုန် က ပြောကြားခဲ့သည်။ သို့သော် Sinopec ၏ ဥပဒေဌာနအနေဖြင့် ရုရှားနှင့် အီရန်ရေနံတို့အပေါ် အမေရိကန်၏ ပိတ်ဆို့မှု ဖြေလျှော့ပေးချက်များကို အသုံးပြုရန်အတွက် စေ့စေ့စပ်စပ် အကဲဖြတ်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

တရုတ်ရေနံချက်လုပ်ငန်းများသည် အီရန်ရေနံအများစုကို ဝယ်ယူလေ့ရှိသော်လည်း ပုဂ္ဂလိကလုပ်ငန်းများသာ ပိတ်ဆို့မှုရှိသည့် ကုန်သွယ်မှုတွင် ပါဝင်ကြသည်။

မတ်လ ၁၂ ရက်နေ့ကလည်း အမေရိကန်သည် ပင်လယ်ပြင်တွင် ပိတ်မိနေသော ရုရှားရေနံများကို ဝယ်ယူရန်အတွက် ရက်ပေါင်း ၃၀ ပိတ်ဆို့မှု ဖြေလျှော့ပေးခဲ့သည်။ ကျောက်တုန် ၏ အဆိုအရ အဆိုပါ ဖြေလျှော့ပေးချက်အောက်တွင် ရရှိနိုင်သည့် ရုရှားရေနံမှာ များစွာမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အရန်ရေနံအမြောက်အမြားကို ထိန်းသိမ်းထားရှိပြီး Sinopec သည် ၎င်းတို့ကို ထုတ်သုံးရန်အတွက် အစိုးရ၏ ပံ့ပိုးကူညီမှုကို တက်ကြွစွာ ရှာဖွေနေကြောင်း အမှုဆောင်အရာရှိက ဆိုသည်။ 

“အစိုးရအနေနဲ့ ရေနံနှင့် သန့်စင်ပြီးလောင်စာဆီ လက်ကျန်များ၊ ဈေးကွက်အခြေအနေများကို အနီးကပ် စောင့်ကြည့်နေပြီး ရေနံချက်လုပ်မှုများကို ထောက်ပံ့ရန် သင့်တော်တဲ့အချိန်မှာ မူဝါဒတွေကို ချမှတ်သွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ကျောက်တုန် က ပြောသည်။

ရေနံရရှိမှု အနှောင့်အယှက်များမှာ Sinopec အတွက် နောက်ဆုံးပေါ် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ ၎င်းသည် စွမ်းအင်အရင်းအမြစ်သစ်များကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနှင့် ရေနံဓာတုပစ္စည်း အမြတ်အအစွန်း နည်းပါးခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်တွင် အမြတ်ငွေ ၃၆.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

ကိုးကား Reuters

By Htet Ko